ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ Placement Test အထူးအစီအစဉ်သည် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သော ကျောင်းနေအရွယ် ကလေးများအား ပညာရေးစနစ်အတွင်း ပြန်လည်ဝင်ရောက်နိုင်စေရန် အရည်အချင်းစစ်ဆေးသည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။
“စာရင်းအရတော့ ဖလမ်းမြို့နယ်တစ်ခုလုံးမှာ ဖြေဆိုသူ ၃,၀၀၀ ကျော်ရှိပါတယ်။ ဒါပေမယ့် ပျ-က်ကွက်သူအချို့ရှိတာကြောင့် အမှန်တကယ် ဖြေဆိုသူက ၃,၀၀၀ နီးပါးရှိပါတယ်” ဟု ဖလမ်းမြို့ ပညာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
အဆင့်သတ်မှတ်စာမေးပွဲကို ဖလမ်းမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်း(၂) အပါအဝင် မြို့နယ်အတွင်းရှိ စာစစ်ဌာန ရှစ်ခုဖြစ်သည့် လုမ်ဘန်း၊ ဗားလုံ၊ ဆွောင်းဒို၊ ခေါပွါလ်၊ ဇောင်းသဲ၊ လုမ်သဲနှင့် ဝေဘူလ် ဒေသများတွင် ဇွန်လ ၁၅ ရက်မှစတင်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။
