ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသ၌ ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရနေကြောင်း သိရသည်။
လိပ်သိုဒေသ၌ ဇလဲကျေးရွာအုပ်စု၊ ကော်ပတ်ခြံကျေးရွာ၊ မြသာကုန်းကျေးရွာ၊ ဘိုကလေး၊ အလယ်ချောင်းကျေးရွာများမှ ဒူးရင်းသီး အများဆုံးထွက်ရှိသည်။
ဒူးရင်းပင်များမှာ နိုဝင်ဘာလတွင် အပွင့်များစတင်ပွင့်ပြီး မေလတွင် စတင်ဆွတ်ခူးနိုင်ကာ အသီးများ ကောင်းမွန်စွာရင့်မှည့်မှသာ ဆွတ်ခူးရောင်းချရပြီး အပင်ပေါ်တွင်မှည့်၍ ကြွေကျသောအသီးသည် အရသာပိုမိုကောင်းမွန်ကြောင်းလည်း သိရသည်။
လက်ရှိ၌ ဒေသထွက် ဒူးရင်းသီးများကို အလုံးအရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် (၁၂၀၀၀) မှ ကျပ် (၄၀၀၀၀) ထိ စျေးရရှိနေသည်။
ယင်း ဒူးရင်းသီးများကို ဒေသတွင်း၌သာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့်အခြားမြို့များသို့လည်း ပို့ဆောင်ရောင်းချကြကြောင်း သိရသည်။
Photo- MOI
