လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် နိုင်ငံသားဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာ၌ အချိန်ဆွဲခြင်း၊ သတ်မှတ်ရက်ထက်ကြန့်ကြာခြင်း၊ မကြာခဏရက်ချိန်းပေးခြင်း၊ ဆက်ဆံရေးမပြေပြစ်ခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိပါက သက်ဆိုင်ရာသို့တိုင်ကြားနိုင်ကြောင်း ဝန်ကြီးဌာနကအသိပေးထားသည်။
တိုင်ကြားရန်ဖုန်းနံပတ်များကို မြို့နယ်ဦးစီးမှူးရုံးများတွင် မြင်သာထင်ရှားစွာချိတ်ဆွဲကြေညာထားပြီး လဝက၏ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာ န ဖုန်း ဝ၆၇၃၄၃၁၀၄၅ ၊ ဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) Short Code “1111” သို့ SMS ပေးပို့ခြင်း၊ လဝက မြို့နယ်ဦးစီးမှူးရုံးများရှိ အကြံပြုစာတိုက်ပုံးများ၊ တိုင်း/ ပြည်နယ်/ပြည်ထောင် စုနယ်မြေဦးစီးမှူးရုံးများ၌ကြေညာထားသည့် ဖုန်းနံပတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်သည်ဟု အသိပေးထားသည်။
ထိုသို့ တိုင်ကြားရာ၌ တာဝန်ရှိသူအဆင့်ဆင့်ထံသို့ စာဖြင့်/ဖုန်းဖြင့် တိုင်ကြားသူ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာအပြည့်အစုံ၊ ဆက်သွယ်ရန် ဖုန်းနံပတ်၊ ဖြစ်စဉ်တို့ကိုဖော်ပြတိုင်ကြားနိုင်ကာ တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု အသိပေးထားသည်။
လဝက မှ အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ၊ နိုင်ငံသားဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန်တင်ပြရမည့်အထောက်အထားများ၊ သတ်မှတ်အခငွေ၊ ထုတ်ပေးရမည့်သတ်မှတ်ရက်တို့ကို လဝက မြို့နယ်ဦးစီးမှူးရုံးများရှိမြင်သာသောနေရာများတွင် ဗီနိုင်းများဖြင့်ချိတ်ဆွဲ၍ ပွင့်လင်းမြင်သာစွာအသိပေးကြေညာထားပြီး လက်ကမ်းစာစောင်များဖြင့်လည်းဖြန့်ဝေအသိပေးလျက်ရှိသည်။
