လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။
ယမန်နေ့ မေလ (၁၁) ရက် ၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။
” လက်နက်ကိုင်အဖွဲ့အစည်းများ အနေနဲ့လည်း အပစ်အခတ်ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့မှ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့နဲ့ ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးမှာ စည်းလုံးညီညွတ်တဲ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်လာရေးကို လက်တွဲညီညီဆောင်ရွက်ကြဖို့ အစိုးရနဲ့ ပြည်သူ လူထုတစ်ရပ်လုံးကို ကျွန်မတို့ နိုးဆော်လိုပါတယ်” ဟုဒေါက်တာသက်သက်ခိုင်က ပြောသည်။
ယင်းကဲ့သို့ စည်းလုံးညီညွတ်စွာ လက်တွဲနိုင်မှသာလျင် ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်နေသည့် အေးချမ်းသာယာသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
လက်ရှိကာလသည် ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်နေရသည့် ကာလဖြစ်သည့်အပြင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် လူမှုရေး ၊ စီးပွားရေးအကြပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရသည့် ကာလဖြစ်သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် မြန်မာ့တပ်မတော်၏ ယာယီအပစ်အခတ်ရပ်စဲရေးကြေညာမှုများအပေါ်၌လည်း ၎င်းတို့ ပါတီအနေဖြင့် ကြိုဆိုကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားသည်။
ပြည်သူ့ရှေ့ဆောင် ပါတီအနေဖြင့် လာမည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုတစ်ဝန်းလုံး၌ ဝင်ရောက်အရွေးခံရန် စီစဉ်ထားပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။