ရန်ကုန်၊ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ အမှတ် (၆) ဓာတ်အားပေးစက်အား စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ထိန်းသိမ်းပြုပြင်မည်ဖြစ်သဖြင့် မူဆယ်နှင့် နမ့်ခမ်းမြို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် နမ့်ခမ်းမြို့၏ အနောက်ဘက် ၁၇ မိုင်ခန့်အကွာ ရွှေလီမြစ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပြီး မိုးရာသီကာလ နိုင်ငံပိုင်ရေအားလျှပ်စစ်စက်ရုံများ ရေဝင်ကောင်းမွန်ချိန်တွင် စက်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိသည်။
အမှတ် (၆) ဓာတ်အားပေးစက်အား ထိန်းသိမ်းပြုပြင်ခြင်းဖြင့် လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများ ချို့ယွင်းမှုလျော့နည်းစေရန်၊ ကြံ့ခိုင်ကောင်းမွန်စေရန်နှင့် ရေရှည်အသုံးပြုနိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ် ၆၆ ကေဗွီ ဓာတ်အားလိုင်းမှ ဓာတ်အားပေးထားသည့် မူဆယ်နှင့် နမ့်ခမ်းမြို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ဓာတ်အားလိုင်းတစ်လျှောက်ရှိ မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းနှင့် ချုံနွယ်များ ရှင်းလင်းခြင်းအပါအဝင် ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၃၃ ကေဗွီ ရေဆင်းဓာတ်အားလိုင်းကို စက်တင်ဘာ ၁၂ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိနှင့် ၃၃ ကေဗွီ ဇေယျာသီရိဓာတ်အားလိုင်းကို စက်တင်ဘာ ၁၃ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် သက်ဆိုင်ရာဓာတ်အားလိုင်းများမှ ဓာတ်အားပေးထားသည့် ရုံးဌာနများ၊ ရပ်ကွက်များနှင့် ကျေးရွာများတွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး ဓာတ်အားပြတ်တောက်မည့် ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများသို့ ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
