ရုရှားနှင့် မြောက်ကိုရီးယား ကြားက တံတားအပါအဝင် ခါဆန်ကုန်းလမ်း နယ်စပ်ဂိတ်ကို အလွန်နီးကပ်တဲ့ အနာဂတ်မှာ ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ရကြောင်း အရှေ့ဖျား စီးပွားရေးဖိုရမ်(EEF) ရဲ့ ပြင်ပတွေ့ဆုံမှုမှာ ရုရှား ပို့ဆောင်ရေးဝန်ကြီး အန်ဒရီ နီကီတင်က ပြောကြားခဲ့ပါတယ်။
”ကျွန်တော်တို့ ရုရှားနဲ့ မြောက်ကိုရီးယား ကြားက တံတားနဲ့ ဆက်စပ်နေတဲ့ ခါဆန် ကုန်းလမ်း နယ်စပ်ဂိတ်ကို မကြာခင်မှာ ဖွင့်လှစ်ဖို့ အစီအစဉ် ရှိပါတယ်။ ဒါဟာ ရုရှားနဲ့ မြောက်ကိုရီးယား ကြားမှာ တိုက်ရိုက် ကားလမ်းမ ချိတ်ဆက်မှုကို ဖန်တီးပေးသွားမှာပါ” လို့ သူက ပြောပါတယ်။
ဝန်ကြီးရဲ့ အဆိုအရ နှစ်နိုင်ငံကြား တိုက်ရိုက် ကားလမ်းမ ချိတ်ဆက်နိုင်မှုဟာ သယ်ယူပို့ဆောင်ရေး ကုန်စည်စီးဆင်းမှုတွေကို ပိုမိုချောမွေ့စေမှာ ဖြစ်ပြီး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိုးတက်စေဖို့နဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် သယ်ယူပို့ဆောင်ရေး စရိတ်စကတွေကို လျှော့ချပေးနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယား ကြားက တံတားကို မြောက်ကိုရီးယား အမျိုးသားသူရဲကောင်း ဖြစ်သလို ဆိုဗီယက် အရာရှိလည်း ဖြစ်ခဲ့တဲ့ ယာကော့ဗ် နိုဗီချန်ကိုရဲ့ အမည်ကို အစွဲပြုပြီး မှည့်ခေါ်သွားမှာဖြစ်ကြောင်း နီကီတင်က ပြောပါတယ်။
အရှေ့ဖျား စီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၁ ရက်ကနေ ၄ ရက်နေ့အထိ ဗလာဒီဗော့စတော့ခ်မြို့က Far Eastern Federal တက္ကသိုလ် နယ်မြေမှာ ကျင်းပနေတာ ဖြစ်ပါတယ်။ အဆိုပါ ဖိုရမ်ကို ရုရှားအစိုးရရဲ့ ပံ့ပိုးမှုနဲ့ Roscongress ဖောင်ဒေးရှင်းက ကြီးမှူးကျင်းပတာဖြစ်ပါတယ်။
