မေလ ၁၈ ရက်
တရုတ်သိပ္ပံပညာရှင်များသည် နိုင်ငံ၏ အလွန်အေးလှသော အရှေ့မြောက်ပိုင်း ပြည်နယ်များဖြစ်ကြသည့် ဟေလုံကျန်းနှင့် ကျိလင်း တို့တွင် မြေရှားဒြပ်စင်များ ဖြစ်တည်မှု ပုံစံအသစ်တစ်ရပ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ယခုတွေ့ရှိမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေရှားဒြပ်စင်များ ဖြစ်တည်ပုံအပေါ် ယူဆချက်များကို ပြောင်းလဲစေနိုင်သည့် ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်သည်။
တရုတ်နိုင်ငံတောင်ပိုင်းရှိ ဒြပ်စင်များကို သီးခြားခွဲထုတ်ရန်အတွက် ဓာတုဗေဒနည်းဖြင့် အရည်ဖျော်စစ်ထုတ်ရသည့် ရွှံ့စေးအခြေခံ သတ္တုသိုက်များနှင့်မတူဘဲ ယခု မြောက်ပိုင်းတွင် တွေ့ရှိရသော ဖြစ်တည်မှုပုံစံမှာ သဘာဝအလျောက် အေးခဲခြင်းနှင့် အရည်ပျော်ခြင်း သံသရာဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာသည့် ပွရွသော သဲနှင့် ကျောက်စရစ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အဆိုပါကွာခြားချက်ကြောင့် သတ္တုတူးဖော်ထုတ်လုပ်ခြင်းကို ပိုမိုထိရောက်စေပြီး ကုန်ကျစရိတ် သက်သာစေမည့်အပြင် ပတ်ဝန်းကျင်ထိခိုက်မှုကိုလည်း လျော့နည်းစေမည်ဖြစ်သည်။
အမေရိက အပါအဝင် အနောက်နိုင်ငံများက ၎င်းသည်အရေးပါသော ဒြပ်စင်များအတွက် ထောက်ပံ့ရေးကွင်းဆက်များကို ရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းနေချိန်တွင် အဆိုပါတွေ့ရှိမှုက တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ မြေရှားဒြပ်စင် ထုတ်လုပ်မှုကဏ္ဍတွင် ၎င်းတို့၏ ဦးဆောင်မှုကို ပိုမိုခိုင်မာစေရန် အထောက်အကူပြုနိုင်မည် ဖြစ်သည်။
သတ္တုသိုက်အသစ်များ ရှာဖွေတွေ့ရှိမှုသည် “တရုတ်နိုင်ငံ၏ မြေရှားဒြပ်စင်အရင်းအမြစ်များတွင် ရှိခဲ့သည့် ‘တောင်ပိုင်းတွင် ဒြပ်စင်လေးများရှိပြီး မြောက်ပိုင်းတွင် ဒြပ်စင်ပေါ့များရှိသည်’ ဟူသော ပုံစံကို ပြောင်းလဲရေးသားသွားနိုင်ခြေရှိကြောင်း” တရုတ်သိပ္ပံအကယ်ဒမီ (CAS) ၏ ဘူမိဗေဒနှင့် ဘူမိရူပဗေဒသိပ္ပံဌာန နှင့် ဟေလုံကျန်း ဘူမိဗေဒနှင့် တွင်းထွက်အရင်းအမြစ်များ ဗျူရိုတို့မှ သုတေသနအဖွဲ့က ပြီးခဲ့သည့်လက တရုတ်ဂျာနယ်တစ်ခုဖြစ်သည့် Acta Petrologica Sinica တွင် ဖော်ပြခဲ့သည့် စာတမ်း၌ ရေးသားထားသည်။
မြေရှားဒြပ်စင်ဆိုသည်မှာ အီလက်ထရွန်နစ်ပစ္စည်းများ၊ အားကောင်းသော သံလိုက်များ၊ ဆူပါကွန်ဒက်တာများနှင့် အစိမ်းရောင်နည်းပညာအပြင် ကာကွယ်ရေးနည်းပညာများ ထုတ်လုပ်ရာတွင် အသုံးပြုရသည့် ဆီရီယမ်၊ နီယိုဒိုင်မီယမ်နှင့် ဒစ်ပရိုစီယမ်အပါအဝင် အရေးကြီးသော တွင်းထွက်သတ္တု ၁၇ မျိုး ပါဝင်သည့် အုပ်စုတစ်ခု ဖြစ်သည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်