ရန်ကုန်မြို့ရှိ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ရုံးအဆောက်အအုံများကို ငလျင်နှင့် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိမှုအပေါ် စစ်ဆေးအကဲဖြတ်ကာ အန္တရာယ်ရှိနိုင်မှုအဆင့်အလိုက် ခွဲခြားသတ်မှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က ပြောကြားသည်။
အဆိုပါ ငလျင်နှင့် သဘာဝဘေးအန္တရာယ် စစ်ဆေးစမ်းသပ်ခြင်းလုပ်ငန်းများကို လာမည့် ဇူလိုင် ၁ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဇွန် ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်၏ မေးမြန်းချက်ကို ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြို့တော်ဝန်၏ ပြောကြားချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) သည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံမြေငလျင်ကော်မတီတို့ ပူးပေါင်း၍ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ရုံးအဆောက်အအုံများကို စနစ်တကျ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ဆေးမှုရလဒ်များအပေါ် မူတည်၍ အဆောက်အအုံများကို အန္တရာယ်ရှိနိုင်မှု အဆင့်အလိုက် ခွဲခြားသတ်မှတ်ကာ လိုအပ်သည့် ကြိုတင်ကာကွယ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ အန္တရာယ်ရှိအဆောက်အအုံများနှင့် လူနေထိုင်ရန် မသင့်လျော်သည့် အဆောက်အအုံများကို သတ်မှတ်ကြေညာ၍ အဆောက်အအုံဖြိုဖျက်ခြင်း သို့မဟုတ် အသစ်ပြန်လည်တည်ဆောက်ခြင်း မပြုလုပ်ရသေးသည့် နေရာများတွင် နေထိုင်အသုံးပြုနေသူများအား အမြန်ဆုံး ပြောင်းရွှေ့ရန် အသိပေးအကြောင်းကြားမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
အဆောက်အအုံသစ်များ တည်ဆောက်နိုင်ရေးအတွက်လည်း အန္တရာယ်ရှိနိုင်မှုအဆင့်အလိုက် ဦးစားပေးစနစ်ဖြင့် အင်ဂျင်နီယာဌာနတွင် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။
ထို့အပြင် အမြင်မတင့်တယ်လောက်အောင် ပျ-က်စီးယိုယွင်းနေသည့် အဆောက်အအုံများ၏ ကြံ့ခိုင်မှုဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ အသိအမှတ်ပြုထားသော အင်ဂျင်နီယာများ၏ ကြီးကြပ်မှုဖြင့် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ရန် သက်ဆိုင်ရာပိုင်ရှင်များအား အကြောင်းကြားထားကြောင်း သိရသည်။
