စစ်ကိုင်း၊ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်း ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် မြေပဲ၊ နှမ်းနှင့် နေကြာစသည့် ဆီထွက်သီးနှံ ၁၂၆,၄၄၀ ဒသမ ၈ ဧက စိုက်ပျိုးရန် လျာထားပြီး လက်ရှိတွင် ၉၆,၀၀၂ ဒသမ ၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
ယင်းပမာဏသည် လျာထားစိုက်ဧက၏ ၇၅ ဒသမ ၉၃ ရာခိုင်နှုန်းခန့်ရှိပြီး ဆီထွက်သီးနှံ စိုက်ဧကတိုးချဲ့ရေးအပြင် တစ်ဧကအထွက်နှုန်း တိုးတက်ရေးကိုပါ အလေးထားဆောင်ရွက်လျက်ရှိသည်။
မြေပဲတစ်ဧကလျှင် တင်း ၇၀၊ နှမ်းတစ်ဧကလျှင် တင်း ၂၀ နှင့် နေကြာတစ်ဧကလျှင် တင်း ၅၀ အထိ ထွက်ရှိနိုင်ရေး ရည်မှန်းဆောင်ရွက်နေပြီး စစ်ကိုင်းခရိုင်၏ စားသုံးဆီဖူလုံမှုမှာ ၄၉၄ ဒသမ ၇၀ ရာခိုင်နှုန်းအထိရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်ရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းနှင့် အထွက်နှုန်းတိုးတက်ရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အရည်အသွေးကောင်း မျိုးစေ့များရရှိရေး၊ စိုက်ပျိုးနည်းစနစ်ကောင်းများ အသုံးပြုနိုင်ရေး၊ သဘာဝမြေဩဇာအသုံးပြုရေးနှင့် ပိုးမွှားရောဂါကာကွယ်ရေးတို့ကို ကူညီပံ့ပိုးပေးလျက်ရှိပြီး ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ရရှိရေးနှင့် အရည်အသွေးမီ စားသုံးဆီထုတ်လုပ်နိုင်ရေးအတွက် ဒေသတွင်းဆီစက်ပိုင်ရှင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
