အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က TASS သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားရာတွင် သူ့အနေဖြင့် ယခုနှစ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။
“ဒါဟာ ဖြစ်လာနိုင်ပါတယ်။ ဆိုလိုတာက ယူကရိန်းပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် လိုအပ်တာမှန်သမျှ ကျွန်တော် လုပ်ဆောင်သွားမှာပါ” ဟု အမေရိကန်ခေါင်းဆောင်က တရုတ်နိုင်ငံသို့ မထွက်ခွာမီ သတင်းထောက်များနှင့် စကားပြောစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
သူက ဆက်လက်၍ “ကျွန်တော် စစ်ပွဲပေါင်း ရှစ်ခုကို ဖြေရှင်းပေးခဲ့ပြီးပါပြီ။ အခု စစ်ပွဲ (ယူကရိန်းစစ်ပွဲ) ကလည်း ပြေလည်မှုရဖို့ နီးစပ်လာပါပြီ။ ယုံချင်ယုံ မယုံချင်နေပါ၊ ဒါဟာ တကယ်ကို နီးစပ်နေပါပြီ။ ရုရှားနဲ့ ယူကရိန်းကြားမှာ ပြေလည်တဲ့ သဘောတူညီချက်တစ်ခု ရရှိတော့မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် အလွန်အရေးပါသော ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။ ခေါင်းဆောင်နှစ်ဦးသည် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အီရန်စစ်ပွဲနှင့် ထိုင်ဝမ်ကျွန်းအရေးတို့ကို ဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ရသည်။
“လူအများက လေးစားကြတဲ့ သမ္မတ ရှီကျင့်ဖိန်လို ခေါင်းဆောင်မျိုးရှိပြီး အံ့အားသင့်စရာကောင်းတဲ့ တရုတ်နိုင်ငံကို သွားရောက်ဖို့ ကျွန်တော် တကယ်ကို စိတ်အားထက်သန်နေပါတယ်။ နိုင်ငံနှစ်ခုလုံးအတွက် ကောင်းမွန်တဲ့ အောင်မြင်မှုတွေ ဖြစ်ထွန်းလာမှာပါ”ဟု ထရန့်က သူ၏ Truth Social အကောင့်တွင်ရေးသားထားသည်။