မြန်မာ MoU အလုပ်သမား ၁၉၇ ဦး ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ ယနေ့ထပ်မံထွက်ခွာ

ထိုင်းနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန် မာ MoU အလုပ်သမား ၁၉၇ ဦးသည် သြဂုတ် ၂၂ ရက်(ယနေ့)နံနက်ပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထပ်မံထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
မြန်မာ MoU အလုပ်သမား အမျိုးသား ၁၀၀ ဦးနှင့်အမျိုးသမီး ၉၇ ဦး(စုစုပေါင်း ၁၉၇ ဦး)သည် ရန်ကုန်မြို့မှတဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြပြီးနောက် ကော့သောင်းနယ်စပ်ဂိတ်၌ စစ်ဆေးမှုများခံယူကာ စက်လှေများဖြင့် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
အလားတူ ၎င်းတို့အလုပ်လုပ်ကိုင်မည့် ကုမ္ပဏီသို့ ကုမ္ပဏီတာဝန်ရှိသူများက တစ်စုတစ်စည်းတည်းဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာ MoU အလုပ်သမားများသည် ထိုင်းနိုင်ငံရှိ Goldenline Business Co,Ltd ၌ ၂ နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်ရန် ပြည်ပအလုပ် အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်ရအေဂျင်စီ Hnin Oo Wai Co,Ltd မှပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
၎င်းတို့အား ကော့သောင်းခရိုင်၊အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ကော့သောင်းခရိုင်ရုံးနှင့် တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

