မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) က ကြီးမှူး၍ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်မည့် အမျိုးသမီးဘောလုံး အကယ်ဒမီ (Women’s Academy) အတွက် မန္တလေးဇုန်အပြီးသတ်လူရွေးချယ်ပွဲကို ယနေ့ မေလ (၁၇) ရက် နံနက်ပိုင်းမှ စတင်ကာ မန္တလေးမြို့ရှိ အမျိုးသားဘောလုံးအကယ်ဒမီ ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးအကယ်ဒမီအတွက် လူရွေးချယ်ပွဲများကို ဇုန် (၂) ဇုန်ခွဲ၍ ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်ဇုန်အတွက်အပြီးသတ်ရွေးချယ်မှုကို မေလ (၁၁) ရက်က ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ကာ ယခုအခါ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် ကလောမြို့များမှ ပဏာမရွေးချယ်ခြင်းခံထားရသည့် အရည်အချင်းရှိ အမျိုးသမီးမျိုးဆက်သစ် ကစားသမားများအား အကယ်ဒမီသင်တန်းသူအဖြစ် တက်ရောက်နိုင်ရန်အတွက် အပြီးသတ်စိစစ်ရွေးချယ်ခြင်းဖြစ်သည်။
မန္တလေးဇုန် အပြီးသတ်ရွေးချယ်ပွဲ ပထမနေ့အစီအစဉ်အဖြစ် တက်ရောက်လာကြသည့် မျိုးဆက်သစ် ကစားသမားများအားလိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ခြင်း၊ ကစားသမားများ၏ ရုပ်ပို င်းဆိုင်ရာကြံ့ခိုင်မှုအခြေအနေကို သိရှိနိုင်ရန် ဆေးအဖွဲ့များက Medical Check-up ပြုလုပ်ခြင်းတို့ကို စနစ်တကျဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မန္တလေးဇုန်အတွက် အပြီးသတ်လူရွေးချယ်ပွဲကို မေလ (၁ ၇) ရက်မှ (၁၉) ရက်အထိပြုလုပ်သွားမည်ဖြစ်ပြီး၊ ကွင်းအတွင်း လက်တွေ့စွမ်းရည်စစ်ဆေးမှု (Field Selection) များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
မြန်မာ့အမျိုးသမီးဘောလုံးလောက၏ အခြေခံအုတ်မြစ်ကို စနစ်တကျ ပျိုးထောင်ပေးမည့် အဆိုပါအကယ်ဒမီသို့ တက်ရောက်ခွင့်ရရှိသူ ရန်ကုန်နှင့် မန္တလေးဇုန် အပြီးသတ်စာ ရင်းကို မေလ (၂၂) ရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ တရားဝင် Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ကြောင်း အသိပေးထား သည်။
