Home News Local News မြန်မာ့စိန်တလုံးသရက်သီးများ တရုတ်ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်

မြန်မာ့စိန်တလုံးသရက်သီးများ တရုတ်ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်

0
69

မြန်မာနိုင်ငံမှ ထွက်ရှိသော အရည်အသွေးမြင့် စိန်တလုံးသရက်သီးများသည် ယခုနှစ် သရက်သီးရာသီအတွင်း တရုတ်ဈေးကွက်၌ ဝယ်လိုအားကောင်းမွန်နေပြီး တရုတ်-မြန်မာနယ်စပ်ဂိတ်များမှ တင်ပို့မှုလည်း ပိုမိုမြန်ဆန်လာကြောင်း သိရသည်။

နှစ်စဉ် ဧပြီလမှ ဇူလိုင်လအထိမှာ စိန်တလုံးသရက်သီး အထွက်နှုန်းအကောင်းဆုံး ကာလဖြစ်ပြီး ယခုနှစ်တွင် တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများ ပိုမိုလျင်မြန်လာခြင်းနှင့် တင်ပို့မှုပမာဏ တိုးတက်လာခြင်းတို့ကို တွေ့မြင်ရကြောင်း သက်ဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်းရှင်များက ပြောသည်။

မကြာသေးမီရက်များအတွင်း မြန်မာနိုင်ငံမှ တင်ပို့လာသော စိန်တလုံးသရက်သီး တန်ချိန် ၁၄ တန်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် လျင်ချန်းမြို့ရှိ မိန်းတိန်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှ အောင်မြင်စွာ အကောက်ခွန်ရှင်းလင်းပြီး တရုတ်ပြည်တွင်းသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းသည် အဆိုပါနယ်စပ်ဂိတ်တွင် သစ်သီးဝလံများအတွက် သတ်မှတ်ထားသော စစ်ဆေးရေးစခန်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်အသုံးပြုပြီးနောက် ပထမဆုံးအကြိမ် သရက်သီးတင်သွင်းခြင်းဖြစ်သည်။

ထို့ပြင် မေ ၉ ရက်တွင်လည်း ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲရှိ ဝမ်တိန်ဂိတ် မောင်မန်လမ်းကြောင်းမှ လတ်ဆတ်သော စိန်တလုံးသရက်သီး ၇၂ တန် တင်ဆောင်လာသည့် ကုန်တင်ယာဉ်များ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ကူမင်း၊ ချိန်တူး၊ ချုံချင့် စသည့် မြို့ကြီးများရှိ သစ်သီးစျေးကွက်များသို့ ဆက်လက်ဖြန့်ဖြူးပို့ဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာ့စိန်တလုံးသရက်သီးများသည် အချိုဓာတ်မြင့်မားခြင်း၊ အမျှင်နည်းပါးခြင်း၊ အခွံပါးပြီး အသားထူခြင်း၊ ရနံ့မွှေးကြိုင်ခြင်းတို့ကြောင့် တရုတ်စားသုံးသူများအကြား လူကြိုက်များလျက်ရှိသည်။

ထို့ပြင် မြန်မာသရက်သီး ထွက်ရှိသည့်ရာသီနှင့် တရုတ်ပြည်တွင်း သစ်သီးဝလံထွက်ရှိချိန်တို့မှာ အပြန်အလှန် ဖြည့်ဆည်းပေးနိုင်သဖြင့် စျေးကွက်ဝယ်လိုအား ဆက်လက်ကောင်းမွန်နေကြောင်း သိရသည်။

သရက်သီးများကို လတ်ဆတ်မှုမပျက်ဘဲ ဘေးကင်းလုံခြုံစွာ တင်သွင်းနိုင်ရန်အတွက် တရုတ်နယ်စပ်ဆိုင်ရာ အာဏာပိုင်ဌာနများက “အစိမ်းရောင်လမ်းကြောင်း” စနစ်ကို အထူးဖွင့်လှစ်ထားပြီး အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here