မြန်မာနိုင်ငံ၌ အယ်လ်နီညိုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက်တင်ဘာ ၂၃ ရက်တွင် နေ ပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များအားတွေ့ဆုံအမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အပူချိန်လွန်ကဲမှုကြောင့် မြေအောက်ရေလျော့နည်းကျဆင်းမှုများနှင့် ရေအရင်းအမြစ်ရှားပါးပြတ်လပ်မှုများဖြစ်ပေါ်လာနိုင်၍ သောက်သုံးရေနှင့် စိုက်ပျိုးရေများအတွက် လိုအပ်သည့်ရေများကို ကြိုတင်စုဆောင်းထားရမည်ဟု မှာကြားသည်။
ထို့ပြင် ရေကိုစနစ်တကျအကျိုးရှိစွာအသုံးပြုစေရေးအတွက် အသိပညာပေးရန်၊ လိုအပ်ပါက မြစ်ချောင်းများတွင် မြေအောက်တမံများပြုလုပ်ပြီး မြေအောက်ရေကိုထိန်းသိမ်းရန်၊ ကြိုတင်ပြင်ဆင်၍ရသည်များကို ယခုကတည်းက စနစ်တကျဖြင့် စဉ်းစားပြင်ဆင်ဆောင်ရွက်ထားကြရန် မှာကြားသည်။
ထို့အတူ မလိုအပ်ဘဲ သစ်ခုတ်ခြင်းများကိုတားမြစ်ရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းများကို စည်းရုံးအားပေးစိုက်ပျိုးဆောင်ရွက်ရန်လည်း နိုင်ငံတော်သမ္မတက တိုက် တွန်းမှာကြားခဲ့သည်။
