မြန်မာနိုင်ငံတွင် ဇူလိုင်လနှင့် ဩဂုတ်လတို့သည် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှု အများဆုံးဖြစ်သည့် ကာလများဖြစ်ပြီး ကလေးသူငယ်များ၌ ရောဂါပြင်းထန်ပါက အသက်သေဆုံးနိုင်သည့်အထိ အန္တရာယ်ရှိသဖြင့် အထူးဂရုပြုကြရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကအသိပေးထားသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်သည့် ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ကာကွယ်ရေး နည်းလမ်းများကို လိုက်နာကျင့်သုံးခြင်းဖြင့် ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။
”သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု စုစုပေါင်းရဲ့ ၅၃ ရာခိုင်နှုန်းဟာ မြို့ပေါ်ဒေသတွေမှာ ဖြစ်ပြီး ၄၇ ရာခိုင်နှုန်းက ကျေးလက်ဒေသတွေမှာ ဖြစ်တာပါ။ လူနေထူထပ်မှုနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု အခြေအနေတွေကြောင့် မြို့ပြဒေသတွေမှာ ဖြစ်ပွားမှုနှုန်း ပိုမိုများပြားနိုင်ပါတယ်” ဟု ဆရာဝန်တစ်ဦးကပြောသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ရာသီတုပ်ကွေးနှင့် ရောဂါလက္ခဏာ ဆင်တူပြီး သီးခြားကုသဆေး မရှိသေးသည့်အတွက် သွေးလွန်တုပ်ကွေးဟု သံသယဖြစ်ပါက စောစီးစွာ သိရှိအတည်ပြုနိုင်ရန် ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများထံ ပြသရန် လိုအပ်ကြောင်း သိရသည်။
ရောဂါကာကွယ်ရန်အတွက် လူတစ်ဦးချင်းစီအနေဖြင့် ခြင်ကိုက်မခံရစေရန် ဂရုပြုနေထိုင်ခြင်း၊ ခြင်ထောင်ဖြင့် အိပ်စက်ခြင်းတို့အပြင် ခြင်ကျား (အေးဒီးစ်ခြင်) ပေါက်ဖွားနိုင်သည့် ရေစီး ရေအိုးများကို လုံခြုံစွာ ဖုံးအုပ်ခြင်း၊ ပန်းအိုးများ အပတ်စဉ် လဲလှယ်ခြင်းနှင့် ရေတင်ကျန်နိုင်သည့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ခြင်းတို့ ဆောင်ရွက်ရမည် ဖြစ်သည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ဖျားနာပါက ဆေးမြီးတိုများဖြင့် မကုသဘဲ အချိန်မီ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများသို့ သွားရောက်ပြသရန်နှင့် ခြင်နှိမ်နင်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။
