ဟနွိုင်း၊ စက်တင်ဘာ ၅
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေကြသည်။
ထိုသို့ ရောက်ရှိနေစဉ် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ ဟိုချီမင်းဂူဗိမာန် (Ho Chi Minh Mausoleum) သို့ သွားရောက်၍ ဗီယက်နမ်နိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင် သမ္မတဟိုချီမင်းအား ဂုဏ်ပြုသောအားဖြင့် လွမ်းသူ့ပန်းခွေချကာ ဂါရဝပြုအလေးပြုခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဟိုချီမင်းဂူဗိမာန်သို့ ရောက်ရှိရာ ဗီယက်နမ်နိုင်ငံဘက်မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် သမ္မတဟိုချီမင်းအား ရည်စူး၍ လွမ်းသူ့ပန်းခွေချကာ ခေတ္တငြိမ်သက်စွာ ရပ်တန့်ဂါရဝပြုခဲ့ကြသည်။
ဟိုချီမင်းသည် ဗီယက်နမ်နိုင်ငံ၏ လွတ်လပ်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် အထင်ကရ အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် ဟနွိုင်းမြို့ရှိ Ba Dinh ရင်ပြင်၌ ဗီယက်နမ်နိုင်ငံ လွတ်လပ်ရေးကြေညာစာတမ်းကို ဖတ်ကြားကာ ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ တည်ထောင်ကြောင်း ကြေညာခဲ့သူဖြစ်သည်။
သမ္မတဟိုချီမင်းသည် ၁၉၆၉ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် ကွယ်လွန်ခဲ့ပြီးနောက် ၎င်းအား ဂုဏ်ပြုအောက်မေ့ရန် ဟိုချီမင်းဂူဗိမာန်ကို ဟနွိုင်းမြို့ Ba Dinh ရင်ပြင်၌ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဂူဗိမာန်ကို ၁၉၇၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာ ယနေ့အချိန်တွင် ဗီယက်နမ်နိုင်ငံ၏ အရေးပါသည့် သမိုင်းဝင်အထိမ်းအမှတ်နေရာတစ်ခုအဖြစ် တည်ရှိလျက်ရှိသည်။
Ba Dinh ရင်ပြင်နှင့် ဟိုချီမင်းဂူဗိမာန်တို့သည် ဗီယက်နမ်နိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် အရေးပါသော နေရာများဖြစ်သကဲ့သို့ နိုင်ငံတော်အဆင့်အခမ်းအနားများ၊ အရေးပါသည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရာနေရာများလည်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံသို့ လာရောက်ကြသည့် နိုင်ငံတကာခေါင်းဆောင်များနှင့် အဆင့်မြင့်ကိုယ်စားလှယ်များကလည်း သမ္မတဟိုချီမင်းအား ဂုဏ်ပြုအောက်မေ့သည့်အနေဖြင့် လွမ်းသူ့ပန်းခွေချ ဂါရဝပြုလေ့ရှိကြသည်။
