ဟနွိုင်း၊ စက်တင်ဘာ ၅
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့က ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်ရှေ့ရင်ပြင်၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အမျိုးသားလွှတ်တော်ရှေ့ရင်ပြင်သို့ ရောက်ရှိလာရာ ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတို့က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူရန် သတ်မှတ်နေရာသို့ သွားရောက်ကြပြီး ဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကို ခံယူခဲ့ကာနိုင်ငံတော်သမ္မတနှစ်ဦးသည် ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့ကြသည်။
ယင်းနောက် ဂုဏ်ပြုတပ်ဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အလေးပြု၍ ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှစ်ဦးနှင့် ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အရာရှိကြီးများအား အပြန်အလှန် မိတ်ဆက်ပေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုချီတက်ခြင်းကို ခံယူခဲ့ကြပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
