Patong Fight Night က ကြီးမှူးကျင်းပမည့် မွေထိုင်းချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာရိုးရာလက်ဝှေ့ဖိုက်တာ နော်ဥမ္မာစိုးနှင့် ထိုင်းဖိုက်တာ ပက်ချ်ဖူဖန် (Petchphuphan) တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲစဉ်ကို ဇွန်လ ၁၈ ရက်တွင် ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ Patong Boxing Stadium ၌ ကျင်းပသွားမည်ဖြစ်သည်။
နော်ဥမ္မာစိုး၏ ပြိုင်ဘက်ဖြစ်သူ ပက်ချ်ဖူဖန်သည် Kangaroo Muay Thai Club မှ ကစားသမားတစ်ဦးဖြစ်ပြီး၊ နော်ဥမ္မာစိုးမှာ မြန်မာရိုးရာလက်ဝှေ့မယ် ဗရော်နီကာ၏ မွေထိုင်းလေ့ကျင့်ရေးစခန်းတွင် လေ့ကျင့်ပြင်ဆင်လျက်ရှိသူဖြစ်ကြောင်း သိရသည်။
နော်ဥမ္မာစိုးသည် မြန်မာရိုးရာလက်ဝှေ့ကြိုးဝိုင်းအတွင်း အတွေ့အကြုံရင့်ကျက်သည့် ဝါရင့်တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများနှင့် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများတွင် ပါဝင်ထိုးသတ်ခဲ့ဖူးသည့် အတွေ့အကြုံများစွာရှိထားသူဖြစ်သည်။
ထို့ပြင် တိုက်ခိုက်မှုပုံစံကောင်းမွန်မှု၊ သတ္တိပြည့်ဝသော ယှဉ်ပြိုင်မှုများကြောင့် ပရိသတ်များ၏ အားပေးမှုကို ရရှိထားသည့် မြန်မာအမျိုးသမီးဖိုက်တာတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။