အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံးအကြီးအကဲ Mr. Daihei Mochizuki ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇွန် ၃၀ ရက် မွန်းလွဲပိုင်းက အလုပ်သမားဝန်ကြီးဌာန ယာယီရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် အလုပ်သမားဝန်ကြီးဌာနနှင့် IOM တို့အကြား ရွှေ့ပြောင်းလုပ်သားရေးရာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ IOM ဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန (Migrant Workers Resource Center-MRC) များ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဝန်ကြီးဌာနမှ ဆက်လက်ပူးပေါင်းဆောင်ရွက်စေလိုသည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ IOM ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
