မဲခေါင်ဒေသခွဲတွင် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျော့နည်းလာသဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုဆိုင်ရာ သတိပေးချက်အဆင့်များကို လျှော့ချသတ်မှတ်ခဲ့ကြောင်း သိရသည်။
စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASMC) ၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် မေလ ၇ ရက်မှစတင်၍ မဲခေါင်ဒေသခွဲအတွက် သတိပေးချက်အဆင့်ကို အဆင့်(၂)မှ အဆင့်(၁)သို့ လျှော့ချခဲ့ပြီး မေလ ၁၄ ရက်တွင် အဆင့်(၀)ဖြစ်သည့် “ခြောက်သွေ့ရာသီကာလ ကုန်ဆုံးခြင်း” အဆင့်သို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။
မကြာသေးမီကာလအတွင်း ဒေသတွင်း၌ စိုစွတ်သောရာသီဥတုများ ဖြစ်ပေါ်ခဲ့သဖြင့် Fire Hotspot များနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုများ သိသိသာသာ လျော့နည်းလာခဲ့ကြောင်း ASMC က ထုတ်ပြန်ထားသည်။
ထို့ပြင် လာမည့်လများတွင် မုတ်သုံကြားကာလမှ အနောက်တောင်မုတ်သုံရာသီသို့ ကူးပြောင်းမည်ဖြစ်ရာ မဲခေါင်ဒေသခွဲဒေသအများအပြား၌ မိုးရွာသွန်းမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
ASMC ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ မေလ ၁၆ ရက်အထိ Fire Hotspot ဖြစ်ပေါ်မှုသည် ၂၀၂၅ ခုနှစ်ထက် ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်ကို မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
