Politico အပါအဝင် မီဒီယာကုမ္ပဏီများသို့ ဖက်ဒရယ်အစိုးရက လစဉ်ကြေး နှစ်စဉ်ကြေးငွေများပေးသွင်းခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက်၊ ထိုငွေပေးချေမှုများကို ဆက်လက်လုပ်ဆောင်မည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အိမ်ဖြူတော်က ကြေညာခဲ့သည်။
ဖေဖော်ဝါရီ ၅ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်း လီယာဗစ် က အဆိုပါ ငွေပေးသွင်းခြင်း စာချုပ်များကို ချက်ချင်းရပ်ဆိုင်းသွားမည်ဟု ပြောကြားခဲ့သည်။
“ဒီသတင်းစာရှင်းလင်းပွဲခန်းမကို လာရောက်ချိန်မှာ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)က Politico အပါအဝင် မီဒီယာများကို ထောက်ပံ့ငွေပေးချေမှုအကြောင်း သတင်းကို သိရှိခဲ့ရပါတယ်။ Politico ကကိုယ်စားလှယ်လဲ ဒီခန်းမထဲမှာ နေရာယူထားတာကို ကျွန်မသိပါတယ်။ အမေရိကန်နိုင်ငံသားတွေရဲ့ အခွန်ငွေထဲက ၈ သန်းကျော်ကို Politico ရဲ့ သတင်းတွေအတွက် လစဉ်ကြေး နှစ်စဉ်ကြေးတွေ အဓိကထောက်ပံ့ပေးခဲ့တယ်ဆိုတာကို ကျွန်မအနေနဲ့ အတည်ပြုပြောကြားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုငွေပေးချေမှုတွေကို ဆက်လက်လုပ်ဆောင်သွားတော့မှာ မဟုတ်ပါဘူး” ဟု ကာရိုလင်း လီယာဗစ်က ပြောကြားခဲ့သည်။
