မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတို-က်ခတ်ခြင်းတို့ကြောင့် မြစ်ရေများ မြင့်တက်လာနိုင်သဖြင့် ရေယာဉ်များအနေဖြင့် အထူးသတိပြုခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် မြစ်ရေတက်လာမှုအပေါ်မူတည်၍ ရေယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ရေလမ်းညွှန်အမှတ်အသားများ ပြသထားမည်ဖြစ်သော်လည်း ရာသီဥတုဒ-ဏ်ကြောင့် အချို့အမှတ်အသားများ ပျ-က်စီးပျေ-ာက်ဆုံးနိုင်သဖြင့် အထူးဂရုပြုခုတ်မောင်းကြရန် ဖော်ပြထားသည်။
ထို့ပြင် ရေများကာလတွင် ရေစီးသန်ခြင်း၊ ဝဲလှည့်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အပြင် ရေနည်းကာလ၌ ပေါ်ထွန်းခဲ့သော သောင်နှင့် ကျွန်းများ ရေမြုပ်သွားကာ ရေမြွှာပေါက် ဖြတ်လမ်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
ယင်းကဲ့သို့ ရေအနက်မလုံလောက်သည့် ဖြတ်လမ်းများကို မဖြတ်သန်းကြရန်နှင့် သတ်မှတ်ရေလမ်းအတိုင်းသာ သတိပြုခုတ်မောင်းကြရန် အသိပေးထားသည်။
မြစ်ကူးတံတား ရေလမ်းများတွင်လည်း ရေယာဉ်ဝင်ရောက်ရမည့် လမ်းကြောင်းများကို နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသား၊ ညအခါ မီးစိမ်းဖြင့် ပြသထားပြီး ဖြတ်သန်းခွင့်မပြုသည့် ရေလမ်းများကို နေ့အခါ အနီရောင်ကြက်ခြေခတ် အမှတ်အသားနှင့် ညအခါ မီးနီဖြင့် ပြသထားကြောင်း ဖော်ပြထားသည်။
အထူးသဖြင့် ရေများကာလတွင် တံတားတိုင်များအကြား ရေစီးသန်နိုင်သဖြင့် ရေယာဉ်များအနေဖြင့် စက်နှင့်တက်မစနစ်များကို ကြိုတင်စစ်ဆေးကာ လုံလောက်သောအကွာအဝေးမှ ချဉ်းကပ်ဖြတ်သန်းရန် လိုအပ်ကြောင်းနှင့် တံတားရေလမ်းအတွင်း ရေယာဉ်နှစ်စင်း ယှဉ်ပြိုင်မောင်းနှင်ခြင်း မပြုကြရန်လည်း သတိပေးထားသည်။
ထို့အပြင် ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးမှောင်ကျခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ရေယာဉ်များအနေဖြင့် သက်ဆိုင်ရာ ဥပဒေ၊ စည်းကမ်းချက်များကို လိုက်နာကာ အန္တရာယ်ကင်းစွာ ခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုက်တွန်းထားသည်။
