ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအမှတ်မဟာမင်္ဂလာ အခမ်းအနားကို ဧပြီ ၃၀ ရက် ၊ မေ ၁ ရက်နှင့် မေ ၂ ရက်တို့၌ (၃) ရက်တိုင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဧပြီ ၃၀ ရက်နံနက် ၈ နာရီတွင် မဟာမင်္ဂလာဖွင့်ပွဲအခမ်းအနား၊ မေ ၁ ရက်နံနက် ၉ နာရီတွင် စာတမ်းဖတ်ပွဲအခမ်းအနား၊ မေ ၂ ရက်နံနက် ၉ နာရီတွင် မဟာမင်္ဂလာပြီးမြောက်ခြင်းအခမ်းအနားတို့ကို ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျင်းပရာ၌ ဧပြီ ၂၈ ရက်တွင် ကြိုတင်ဇာတ် တိုက်လေ့ကျင့်မည်ဖြစ်ကာ မဟာမင်္ဂလာအခမ်းအနား၌ အထိမ်းအမှတ်အထူးပြပွဲ၊ ဓာတ်ပုံပြခန်း၊ ရုပ်တုများခင်းကျင်းပြသပွဲ၊ ဥာဏ်စမ်းပဟေဋိပြိုင်ပွဲတို့ကိုလည်းထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အထိမ်းအမှတ်စာစောင်နှင့် အထိမ်းအမှတ်ပစ္စည်းများထုတ်ဝေရာတွင် ဆဋ္ဌသင်္ဂါယနာတင် (၃၁) အုပ်ကို Screan ဖတ်၍ အုပ်ရေ (၅၀၀) ခင်းကျင်းပြသခြင်း၊ တီရှပ်၊ ရေခွက်၊ ကီးချိန်း၊ ဘောပင်၊ ပြက္ခဒိန်များထုတ်ဝေခြင်း၊ ဒေဝါဝင်း၊ ရာဇာဝင်းများဖြင့် လှည့်လည်ပူဇော်ခြင်းနှင့် ပူဇော်ဖျော်ဖြေခြင်းများကိုလည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။