ရန်ကုန်၊ ဩဂုတ် ၁၀
ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ ၁၄ နိုင်ငံမှ ပြိုင်ပွဲဝင် ၁၇ ဦးအနက် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့သူ မြန်မာ့မျိုးဆက်သစ် မြင်းစီးအားကစားသမား ပိုးပိုးဟန်အား ဂုဏ်ပြုသည့် အခမ်းအနားကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် Club House ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ပိုးပိုးဟန်၏ ဓာတ်ပုံနှင့် Plaque ကို MEF Hall of Fame တွင် တပ်ဆင်ပေးခဲ့သည့်အပြင် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် အကယ်ဒမီ ဒေါ်ခင်သီတာထွန်း မိသားစုတို့က ၂၀၂၇ မှ ၂၀၂၉ အထိ ပညာသင်နှစ် နှစ်နှစ်စာ ပညာသင်ဆုနှင့် ထောက်ပံ့ကြေး စုစုပေါင်း ကျပ် ၇၄ သိန်းကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ထို့ပြင် အသင်းခေါင်းဆောင် ဦးချမ်းမြေ့ဝင်း၊ အနီးကပ်နည်းပြ ဒေါ်အိသက်မွန်နှင့် တွဲဖက်နည်းပြ ဦးအောင်သူထွန်းတို့ကို ဂုဏ်ပြုလက်မှတ်နှင့် လက်ဆောင်များ ပေးအပ်ခဲ့ပြီး တွဲဖက်နည်းပြအား ဂုဏ်ပြုငွေ ကျပ် ၁၀ သိန်း ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြိုင်ပွဲမှတ်တမ်း ဗီဒီယိုများ ပြသခြင်း၊ အတွေ့အကြုံများနှင့် သုံးသပ်ချက်များ ရှင်းလင်းဆွေးနွေးခြင်း၊ ပိုးပိုးဟန်၏ ကျေးဇူးတင်စကားနှင့် တာဝန်ရှိသူများ၏ ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြောင်း သိရသည်။