ပခုက္ကူ၊ ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဝင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး ပခုက္ကူမြို့၊ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ရပ်ကွက်များရှိ လူနေအိမ်များအထိ မြစ်ရေဝင်ရောက်မှုများ၊ မြစ်ရေဝင်ရောက်မှု ကြောင့် ရွှေ့ပြောင်းပြီးနှင့် ရွှေ့ပြောင်းရန် လိုအပ်သည့်လူနေအိမ်များ၊ မြစ်ရေတက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ယာယီရေဘေးရှောင်စခန်းများ သတ်မှတ်နေရာချထားပေးရေးစီစဉ်ဆောင်ရွက်ခဲ့ကောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဩဂုတ် ၁၀ ရက်တွင် ပခုက္ကူမြို့၌ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂,၁၅၀ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ဆက်လက် မြင့်တက်နိုင်သဖြင့် ယာယီရေဘေးရှောင်စခန်းများ သတ်မှတ်ရေး အပါအဝင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ ရေဝင်ရောက်နေသည့် ရပ်ကွက်များမှ ဒေသခံများသည် ရေဘေးလွတ်ရာသို့ စတင်ပြောင်းရွှေ့နေကြပြီ ဖြစ်ကြောင်း သိရသည်။