ကြားဖြတ်အစိုးရကို ဆန့်ကျင်ရပ်တည်ကြရန် သူ့ကိုထောက်ခံသူများကို သမီးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ဆိုရှယ်မီဒီယာမှတဆင့် မိန့်ခွန်းပြောကြားခဲ့စဉ် ထောင်နှင့်ချီသော ဆန္ဒပြသူများသည် သူ၏ ဖခင်ဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတည်ထောင်သူ ခေါင်းဆောင်၏ နေအိမ်ကို မီးရှို့ခဲ့ကြသည်။
တုတ်များ၊ တူများနှင့် အခြားကိရိယာများ ကိုင်ဆောင်ထားကြသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် လွတ်လပ်ရေးအထိမ်းအမှတ်နှင့် သမိုင်းဝင်နေအိမ်ဝန်းကျင်တွင် စုဝေးခဲ့ကြပြီး အချို့သည် အဆောက်အအုံကို ဖြိုချရန် ကရိန်းနှင့် မြေတူးစက်ပါ ယူလာခဲ့ကြသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
ဗုဒ္ဓဟူးနေ့ည ၉ နာရီတွင် ဟာစီနာက အွန်လိုင်းမှ မိန့်ခွန်းပြောမည့် အစီအစဉ်ကို နှောင့်ယှက်ရန် “ဘူဒိုဇာ စီတန်းလှည့်လည်ပွဲ” ဟု အမည်တပ်ထားသည့် လူထုချီတက်ပွဲကို စီစဉ်ခဲ့ခြင်းဖြစ်သည်။
“ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သော ကျောင်းသားများ”အဖွဲ့နှင့် တသားတည်းဖြစ်သော ဆန္ဒပြသူများသည် အသစ်ဖွဲ့စည်းထားသည့် ကြားဖြတ်အစိုးရကို စိန်ခေါ်မှုအဖြစ် ၎င်းတို့ ရှုမြင်သော ဟာစီနာ၏ မိန့်ခွန်းကို ဒေါသတကြီး တုန့်ပြန်ခဲ့ကြသည်။
နို့ဘဲလ်ဆုရှင် မူဟာမက်ယူနွတ်စ်ဦးဆောင်သော ကြားဖြတ်အစိုးရသည် ဆန္ဒပြမှုများကို ထိန်းချုပ်ထားရန် ရုန်းကန်နေရဆဲဖြစ်ကာ မတည်ငြိမ်မှုများ သည် ဆက်လက်ဖြစ်ပေါ်နေသည်။ သြဂုတ်လက ဆန္ဒပြမှုများတွင် ပထမအကြိမ် မီးရှို့ခံထားခဲ့ရသော ရှိတ် မူဂျီဘာ ရာ့ချ်မန်၏ နေအိမ်အပါအဝင် ဟာစီနာအစိုးရ၏ သင်္ကေတအထိမ်းအမှတ်များ ကို ဆန္ဒပြသူများက တိုက်ခိုက်ခဲ့ကြသည်။
၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်ထံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် လွတ်လပ်ရေးရယူကြောင်း ကြေညာခဲ့သူဖြစ်သည့် ဘန်ဂါဘန်ဒူ(ဘင်္ဂလား၏ မိတ်ဆွေ) နေအိမ်သည် နိုင်ငံတည်ထောင်ခြင်း၏ အထိမ်းအမှတ်သင်္ကေတတစ်ခုဖြစ်သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
