လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှစ၍ မြို့နယ်ပေါင်း ၁၀၀ ကျော်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို စိစစ်ခဲ့ရာ အချို့ရုပ်ထုများတွင် အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများသည် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် လျော်ညီမှုမရှိသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ယင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများကို ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ထိန်းသိမ်းထားရှိနိုင်ရေး၊ နောင်လာနောက်သားများအနေဖြင့် သမိုင်းတန်ဖိုးနှင့် အစဉ်အလာကို မှန်ကန်စွာ လေ့လာထိန်းသိမ်းနိုင်ရေးတို့ကို ရည်ရွယ်၍ ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ရန်၊ အထိမ်းအမှတ်ရုပ်ထုများကို အရိုအသေမဲ့ခြင်း မဖြစ်စေရန်နှင့် နောင်လာနောက်သားများအနေဖြင့် မြန်မာ့သမိုင်းအမွေအနှစ်များကို မှန်ကန်သင့်လျော်သည့် ပုံစံဖြင့် ဆက်လက်လေ့လာနိုင်စေရန် ရည်ရွယ်၍ ဥပဒေနှင့်အညီ စနစ်တကျ စိစစ်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။