မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MITS) ၏ ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က ကျင်းပခဲ့ပြီး ဆီကန်များမှ စားသုံးဆီနှင့် စက်မှုကုန်ကြမ်းဆီများကို စနစ်တကျ ဖြန့်ဝေပေးနိုင်ရေး၊ ဆီလက်ကျန်စာရင်းများကို အချိန်မီ တင်ပြနိုင်ရေးနှင့် ဆီသိုလှောင်မှုစနစ်များ ပိုမိုကောင်းမွန်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးက ဆီကန်များတွင် ဌာနဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး MITS ၏ ကျွမ်းကျင်အဖွဲ့များကလည်း လစဉ် ဆီလက်ကျန်ပမာဏများကို တိုင်းတာစစ်ဆေး၍ မှတ်တမ်းတင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နေ့စဉ်ဆီလက်ကျန်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း အချိန်မီပေးပို့ကြရန်လည်း တိုက်တွန်းခဲ့သည်။
MITS တာဝန်ခံ၏ တင်ပြချက်အရ ဇူလိုင် ၅ ရက်တွင် MT. TIRTASI 6 သင်္ဘောဖြင့် စားသုံးဆီ တန်ချိန် ၅,၃၀၀ ကို KIPT ဆိပ်ကမ်းရှိ STAR ဆီကန်သို့ ပို့ဆောင်ကာ ကုန်ချပြီးဖြစ်ကြောင်း၊ ဇူလိုင် ၉ ရက်တွင် MT. RM2 သင်္ဘောသည် HOB ဆိပ်ကမ်းသို့ ဆီတန်ချိန် ၅,၀၀၀ တင်ဆောင်၍ ရောက်ရှိလာခဲ့ပြီး ဇူလိုင် ၁၀ ရက် နံနက်ပိုင်းအထိ တန်ချိန် ၂,၈၀၀ ခန့် ကုန်ချပြီးဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့် ဆီများကို ဆက်လက်ကုန်ချလျက်ရှိပြီး AU GEMINI၊ SAMPOW PLAM နှင့် Theresa II သင်္ဘောများလည်း ထပ်မံရောက်ရှိရန်ရှိကြောင်း တင်ပြခဲ့သည်။
ဆီကန်တာဝန်ခံများကလည်း ဆီလက်ကျန်နှင့် သိုလှောင်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး KIP ဆီကန်တွင် ပြည်သူဖြန့်စားသုံးဆီနှင့် စက်မှုကုန်ကြမ်းဆီများကို ၂၄ နာရီ ထုတ်ပေးလျက်ရှိကြောင်း၊ Wilmar Myanmar သီလဝါဆီကန်တွင်လည်း ၂၄ နာရီ ဝန်ဆောင်မှုပေးနေပြီး လိုအပ်ပါက ပိတ်ရက်များတွင်ပါ ဆီထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ဆီကန်တာဝန်ခံများက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
