ရန်ကုန်၊ ဩဂုတ် ၁၇
မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် အရည်အသွေးမြင့် GW-11 မြန်မာ့ဆန်မှာ ဝယ်လိုအားအားကောင်းလာမှုကြောင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ အထိ စံချိန်တင်ဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှလည်း ဆန်ဝယ်ယူလျက်ရှိသော်လည်း မြန်မာ့ GW-11 ဆန်၏ မျိုးစိတ်နှင့် အရည်အသွေးကောင်းမွန်မှုကို ပိုမိုနှစ်ခြိုက်သဖြင့် ဈေးကောင်းပေးဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ဖိလစ်ပိုင်ဈေးကွက်သို့ တင်ပို့ရာတွင် ထိုင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၀ ခန့်ရရှိနေချိန်၌ မြန်မာ့ GW-11 ဆန်မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ အထိရရှိနေသဖြင့် တစ်တန်လျှင် ဒေါ်လာ ၁၀၀ ခန့် ဈေးပိုမိုရရှိနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လအထိ ပြည်ပသို့ ဆန်တန်ချိန် ၈ သိန်းကျော် တင်ပို့ထားပြီးဖြစ်ကာ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲအများဆုံး တင်ပို့ထားကြောင်း သိရသည်။
ထို့ပြင် စုစုပေါင်းဆန်တန်ချိန် ၅ သန်းအထိ ဝယ်ယူရန် ပြင်ဆင်နေသည့် ဖိလစ်ပိုင်နိုင်ငံသို့လည်း မြန်မာ့ GW-11 ဆန်များ ဆက်လက်တင်ပို့လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
GW-11 ဆန်ကို ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ စတင်တင်ပို့ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်ဈေးကွက်သို့ စတင်တင်ပို့ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်ပဝယ်လိုအားမြင့်တက်လာမှုနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးထွက် GW-11 ဆန်များသာမက မန္တလေးတိုင်းဒေသကြီးထွက် GW-11 ဆန်များပါ ဈေးကောင်းရရှိနေကြောင်း သိရသည်။
ဓာတ်ပုံ-MOI