တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၆ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များအား တွေ့ဆုံကာ ဩဝါဒစကား ပြောကြားခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက နိုင်ငံကိုယ်စားပြု တာဝန်ထမ်းဆောင်နေကြသည့် သံတမန်ဝန်ထမ်းများနှင့် စစ်သံရုံးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို အားပေးချီးကျူးပြောကြားခဲ့ပြီး နိုင်ငံတော်၏ အကျိုးစီးပွား၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တိုးတက်ခိုင်မာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များက နိုင်ငံတော်သမ္မတအား ဂါရဝပြုနှုတ်ဆက်ခဲ့ကြပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ ညစာသုံးဆောင်ခဲ့ကြောင်း သိရသည်။
