ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို မေ ၂ ရက်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါစီမံကိန်းမှာ ပုသိမ်စက်မှုစီမံကိန်းနှင့် 30MW Solar Power Generation Project ကို ပူးတွဲအကောင်အထည်ဖော်ခြင်းဖြစ်ပြီး ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် စီမံကိန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
စီမံကိန်းမှ လစဉ် 30MW ဓာတ်အားထုတ်လုပ်နိုင်မည့် အခြေအနေ၊ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်နိုင်မှု၊ နေရောင်ခြည်စွမ်းအင်ရရှိနိုင်မှုနှင့် အကောင်အထည်ဖော်မည့် အချိန်ကာလများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ပုသိမ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ၂၀၂၇ ခုနှစ် မေ ၂၆ ရက်တွင် အပြီးသတ် ဆောင်ရွက်ရန် လျာထားပြီး ကနဦး 30MW ဖြင့် စတင်ထုတ်လုပ်ကာ နောက်ပိုင်းတွင် 90MW အထိ တိုးချဲ့ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
