နျူကလီးယားစွမ်းအင်အစီအစဉ်၏အခြေခံသည် အ မျိုးသားအကျိုးစီးပွားဖြစ်ရမည်ဟု အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောသည်။
နိုင်ငံတော်သမ္မတက ယနေ့ စက်တင်ဘာ ၂၃ ရက်တွင်ကျင်းပသည့် အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီအ စည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
မည်သည့်နိုင်ငံ၏ နည်းပညာ၊ မည်သည့်နိုင်ငံတကာမိတ်ဖက်နှင့်ပူးပေါင်းသည်ဖြစ်စေ မြန်မာနိုင်ငံ၏ ရေ ရှည်စွမ်းအင်လိုအပ်ချက်၊ စီးပွားရေးအခြေအနေ၊ နည်းပညာစွမ်းရည်၊ လူ့စွမ်းအားနှင့် လုံခြုံရေးအခြေအနေများနှင့် ကိုက်ညီမှု ရှိ/မရှိကို အဓိကထားသုံးသပ်ရန်လို သည်ဟု ပြောသည်။
မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင်ဖွံ့ဖြိုးရေးခရီးစဉ်သည် လက်ရှိအခြေအနေအရ အခြားနိုင်ငံများ၏ အတွေ့အကြုံများကိုလေ့လာရန်လိုပြီး နိုင်ငံ၏အခြေအနေများနှင့် မကိုက်ညီသည့်အရာများကိုနားလည်ထားရမည်ဖြစ်ကာ ယင်းလုပ်ငန်းစဉ်သည် အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်ဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးဆောင်ကော်မတီ၊ ပညာရှင်များနှင့် နိုင်ငံတကာမိတ်ဖက်များ အားလုံးက တစ်ဦးနှင့်တစ်ဦး ပူးပေါင်းညှိနှိုင်းပြီး သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို အချိန်မီ၊ အရည်အသွေးပြည့်မီစွာအကောင်အထည်ဖော်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားခဲ့သည်။
