ဟနွိုင်း၊ စက်တင်ဘာ ၅
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေကြသည်။
ထိုသို့ ရောက်ရှိနေစဉ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ ဗီယက်နမ် အမျိုးသားသူရဲကောင်းများ အာဇာနည်ဗိမာန် (Monument to Heroes and Martyrs) သို့ သွားရောက်၍ ဗီယက်နမ်နိုင်ငံ၏ အမျိုးသားလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအတွက် အသက်ပေးလှူခဲ့ကြသည့် သူရဲကောင်းအာဇာနည်များအား ဂုဏ်ပြုလွမ်းသူ့ပန်းခွေချ၍ အလေးပြုခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဗီယက်နမ် အမျိုးသားသူရဲကောင်းများ အာဇာနည်ဗိမာန်သို့ ရောက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က အာဇာနည်ဗိမာန်ရှေ့၌ ဂုဏ်ပြုလွမ်းသူ့ပန်းခွေချကာ ခေတ္တငြိမ်သက်စွာ ရပ်တန့်၍ ဂါရဝပြုအလေးပြုခဲ့ကြသည်။
အဆိုပါ ဗီယက်နမ် အမျိုးသားသူရဲကောင်းများ အာဇာနည်ဗိမာန်သည် ဟနွိုင်းမြို့၊ Ba Dinh ခရိုင်၊ Bac Son လမ်း၌ တည်ရှိပြီး ဗီယက်နမ်နိုင်ငံ၏ လွတ်လပ်ရေး၊ လွတ်မြောက်ရေးနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် အသက်ပေးလှူခဲ့ကြသည့် သူရဲကောင်းအာဇာနည်များအား ဂုဏ်ပြုအောက်မေ့ရန် တည်ဆောက်ထားသည့် အရေးပါသော အမျိုးသားအထိမ်းအမှတ်နေရာတစ်ခုဖြစ်သည်။
အဆိုပါ အာဇာနည်ဗိမာန်ကို ၁၉၉၃ ခုနှစ် ဧပြီ ၇ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး Dien Bien Phu အောင်ပွဲ နှစ် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် ၁၉၉၄ ခုနှစ် မေ ၇ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဗိမာန်အဆောက်အအုံကို ဂရန်းနစ်ကျောက်များဖြင့် တည်ဆောက်ထားပြီး နိုင်ငံနှင့် ပြည်သူအတွက် အသက်ပေးလှူခဲ့ကြသည့် သူရဲကောင်းအာဇာနည်များအား ထာဝရအောက်မေ့ဂုဏ်ပြုခြင်းကို ဖော်ညွှန်းထားသည့် အမျိုးသားအထိမ်းအမှတ်အဆောက်အအုံတစ်ခုလည်း ဖြစ်သည်။
ဗီယက်နမ်နိုင်ငံ၏ အရေးကြီးသည့် အမျိုးသားနေ့များနှင့် အထိမ်းအမှတ်နေ့များတွင် ပါတီနှင့် နိုင်ငံတော်အဆင့်ခေါင်းဆောင်များက အဆိုပါ အာဇာနည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချ၍ ဂါရဝပြုအလေးပြုလေ့ရှိကြသည်။
