နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ ဇွန် ၈ ရက်တွင် လာရောက်ဂါရဝပြုတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ် သည်။
တွေ့ဆုံစဥ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကိုနားလည်သိရှိပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရအနေဖြင့် မြန်မာနိုင်ငံကိုပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသောနိုင်ငံတော်အဖြစ်ဖော်ဆောင်ပေးနိုင်မည်ကို အပြည့်အဝယုံကြည်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့က မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် မိတ်ဆွေဟောင်း မိတ်ဆွေရင်းနိုင်ငံများဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုကာလကပင် နှစ်နိုင်ငံအစိုးရနှင့် ခေါင်းဆောင်များကြား ကောင်းမွန်သည့်ဆက်ဆံရေးရှိခဲ့မှု၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အာဆီယံ၏အစိတ်အပိုင်းအဖြစ် အင်ဒိုနီးရှားနိုင်ငံ၏မိတ် ဆွေအဖြစ်အမြဲမှတ်ယူထားရှိကာ မြန်မာနိုင်ငံကိုအောင်မြင်သော ငြိမ်းချမ်းသောနိုင်ငံအဖြစ်ဖြစ်ပေါ်လာစေရေးလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည့်အခြေအနေများကိုဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းကြားအကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာ-အာဆီယံကြား ပိုမိုတောင့်တင်းခိုင်မာသည့် ဆက် ဆံမှုများပြန်လည်တိုးတက်လာစေရေး ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများကို ပိုမိုကောင်းမွန်စေရေးဆက် လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဒီမိုကရေစီစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မိမိတို့နိုင်ငံများရှိ ကိုယ်ပိုင်စရိုက်လက္ခဏာများနှင့် ယဥ်ကျေးမှုများကိုအခြေခံကာ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်သင့်သည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်သူများကအားကိုးရပြီးဖွံ့ဖြိုးတိုးတက်သောနိုင်ငံ၊ တည်ငြိမ်အေးချမ်းသောနိုင်ငံတစ်ခုအဖြစ် ဖော်ဆောင်ပေးနိုင်သည့် မှတ်ကျောက်တင်ခံနိုင်သော အစိုးရတစ်ရပ်အဖြစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကြား သံတမန်ဆက် ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
