စက်တင်ဘာ၊ ၃ ရက်
နယူးရောက်မြို့တွင် အစိုးရကျောင်းစာသင်ခန်းများအတွင်း ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြုမှုကို အလယ်တန်းအဆင့်အထိ တစ်နှစ်ကြာ တားမြစ်ကန့်သတ်သွားမည် ဖြစ်သည်။ အဆိုပါကာလအတွင်း AI နည်းပညာအသုံးပြုခြင်း၏ အကျိုးသက်ရောက်မှုများကို တာဝန်ရှိသူများက လေ့လာသုံးသပ်သွားမည်ဖြစ်သည်။
နယူးရောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီ က ဗုဒ္ဓဟူးနေ့တွင် “နည်းပညာလုပ်ငန်းကဏ္ဍက AI အသုံးပြုသည့် အတန်းငယ်ပိုင်းပညာရေးဟာ ရှောင်လွှဲလို့မရတဲ့အရာသာမက လိုအပ်တဲ့အရာတစ်ခုလည်း ဖြစ်တယ်လို့ ကျွန်တော်တို့ကို ယုံကြည်စေချင်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အဲဒီလို မမြင်ပါဘူး” ဟု ပြောကြားခဲ့သည်။
မူဝါဒအသစ်အရ မူကြိုအဆင့်မှ အဋ္ဌမတန်းအထိ ကျောင်းသားများ တိုက်ရိုက်အသုံးပြုသည့် AI နည်းပညာများကို တားမြစ်သွားမည် ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံး အစိုးရကျောင်းစနစ်ဖြစ်သည့် နယူးရောက်မြို့ အစိုးရကျောင်းစနစ်အတွင်းရှိ ကျောင်းသား ၆ သိန်းခန့် ထိ အကျုံးဝင်မည်ဖြစ်သည်။
ထို့အပြင် အတန်းအားလုံးတွင် ချက်ဘော့် Chatbot များအသုံးပြုခြင်းကိုလည်း တားမြစ်သွားမည် ဖြစ်သည်။ နယူးရောက်မြို့ရှိ အစိုးရကျောင်းများတွင် ကျောင်းသားများ၏ စကရင်အသုံးပြုချိန် (screen time) ကိုလည်း ကန့်သတ်သည့် စည်းမျဉ်းအသစ်များ ထည့်သွင်းမည်ဖြစ်သည်။
မြို့တော်တာဝန်ရှိသူများသည် စာသင်ခန်းများအတွင်း AI နည်းပညာအသုံးပြုခြင်း၏ အကျိုးသက်ရောက်မှုများကို လေ့လာသုံးသပ်ပြီး၊ လာမည့်ပညာသင်နှစ်များအတွက် အကြံပြုချက်များပါဝင်သည့် လေ့လာမှုအစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန်သွားမည် ဖြစ်သည်။
နယူးရောက်မြို့၏ AI အသုံးပြုမှု တားမြစ်ကန့်သတ်ချက် ထွက်ပေါ်လာခြင်းသည် အိမ်တွင် ကလေးများ၏ စကရင်အသုံးပြုချိန်ကို လျှော့ချလိုသည့် မိဘများက ကျောင်းများတွင် နည်းပညာအသုံးပြုမှုအပေါ် ပိုမိုတင်းကျပ်သည့် စည်းမျဉ်းများ ကိုချမှတ်ပေးရန် တောင်းဆိုမှုများ ရှိလာပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် မြို့တော်အစိုးရသည် အထက်တန်းကျောင်းသားများအတွက် AI နည်းပညာဆိုင်ရာ အသိပညာပေးသင်ခန်းစာများ ကိုလည်း ဖော်ဆောင်နေသည်။ အဆိုပါသင်ခန်းစာများတွင် AI နည်းပညာ မည်သို့အလုပ်လုပ်သည်ကို သင်ကြားပေးမည့်အပြင်၊ ၎င်း၏ အန္တရာယ်များ၊ ကျင့်ဝတ်ဆိုင်ရာ ထည့်သွင်းစဉ်းစားရမည့်အချက်များ နှင့် အနာဂတ်တွင် အလုပ်အကိုင်များအပေါ် မည်သို့သက်ရောက်မှုရှိနိုင်သည် ကိုလည်း အသိပညာပေးသွားမည်ဖြစ်သည်။
သို့သော် ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားရေးအစီအစဉ်များ ရေးဆွဲခြင်းနှင့် အခြားလုပ်ငန်းတာဝန်များအတွက် AI ကို အသုံးပြုခွင့်ရှိမည် ဖြစ်သည်။
ထို့အပြင် မသန်စွမ်းကျောင်းသားများအတွက် အထောက်အကူပြုနည်းပညာ (assistive technology) အသုံးပြုခြင်းနှင့် ကွန်ပျူတာသိပ္ပံကဲ့သို့သော အလုပ်အကိုင်အတွက် ကြိုတင်ပြင်ဆင်ပေးသည့် ပညာရေးအစီအစဉ်များ တွင် AI အသုံးပြုမှုကို ယာယီတားမြစ်ချက်မှ ခြွင်းချက်အဖြစ် ခွင့်ပြုနိုင်မည်ဖြစ်သည်။
“တီထွင်ဆန်းသစ်မှုဆိုတာ နည်းပညာကို ပိုမိုအသုံးပြုခြင်းကို ဆိုလိုတာမဟုတ်ဘူး ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ရပ်တည်နေပါတယ်” ဟု ကျောင်းများဆိုင်ရာ အဓိပတိ ကာမာ ဆမ်မြူယဲလ်စ် က ပြောကြားခဲ့သည်။
“လာမယ့်တစ်နှစ်အတွင်းမှာ နည်းပညာက သင်ကြားရေးကို အထောက်အကူပြုစေဖို့၊ သင်ကြားရေးက နည်းပညာရဲ့နောက်ကို လိုက်ရတဲ့ပုံစံ မဖြစ်စေဖို့ အထောက်အထားနဲ့ သက်သေအချက်အလက်တွေကို အခြေခံပြီး ဦးဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Ref: အမ်အက်စ်အင်န်
