နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့ မေ ၉ ရက်ညပိုင်းက ရန်ကုန်မြို့တွင်ပြုလုပ်သည့် ရုရှားနိုင်ငံ၏ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈ဝ)ပြည့်အထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက နစက ဒု-ဥက္ကဋ္ဌနှင့် ဇနီးတို့အားကြိုဆို၍ ညစာစားပွဲအား မြန်မာနိုင်ငံတော်သီချင်းနှင့် ရုရှားနိုင်ငံတော်သီချင်းတို့ဖြင့်ဖွင့်လှစ်ပြီး ရုရှားသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထို့နောက် နစက ဒု-ဥက္ကဋ္ဌနှင့် ဇနီး၊ ရုရှားနိုင်ငံ သံအမတ်ကြီးနှင့် တက်ရောက်လာကြသူများက ညစာသုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်နေစဉ်အတွင်း ရုရှားနိုင်ငံ၏ ယဉ်ကျေးမှုအဖွဲ့က ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့်ဖျော်ဖြေတင်ဆက် ကပြခဲ့ကြသည်။
ညစာစားပွဲသို့ နစက ဒု-ဥက္ကဋ္ဌနှင့် ဇနီးတို့နှင့်အတူ နစက အဖွဲ့ဝင်မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။