ရန်ကုန်၊ စက်တင်ဘာ ၁၆
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်၏ (၉) ကြိမ်မြောက် လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်ရန် ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၅ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
ခရီးစဉ်သည် ရုရှားနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး ဦးမောင်မောင်အုန်းက ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ တာဝန်ရှိသူများနှင့် ပြည်သူ့လွှတ်တော်ရုံး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
