ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒု-ရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၁၂၃)၊ ရဲဗလတပ်ခွဲသည် သြဂုတ် ၂၉ ရက်နံနက် ၇ နာရီခွဲက မန္တ လေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌သင်တန်းဆင်းခဲ့သည်။
သင်တန်းဆင်းပွဲကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တက်ရောက်၍ ပြည်သူကလေးစားပြီး အားကိုးယုံကြည်ရသည့် စွမ်းရည်ရှိသောရဲတပ်ဖွဲ့ဖြစ်စေရေး ကြိုးပမ်းထမ်းဆောင်ကြရန်၊ ပြည်သူကို အလုပ်အကျွေးပြုသည့်၊ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်မြဲရေးကို အသက်ပေးကာကွယ်စောင့်ရှောက်တတ်သည့် ရဲတပ်ဖွဲ့ဝင်များအဖြစ်လေးနက်စွာခံယူပြီး ကျရာတာဝန်များကို ဦးလည်မသုန်ထမ်းရွက်ကြရန် မှာကြားခဲ့သည်။
အကောင်းဆုံးကျောင်းသားဆုရ ဒု-ရဲအုပ်လောင်းမေကြည်အေး၊ ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရ ဒု-ရဲအုပ်လောင်းနန္ဒာအောင်၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒု-ရဲအုပ်လောင်းလှိုင်မျိုးထွဋ်၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒု-ရဲအုပ်လောင်းမေကြည်အေး၊ အင်္ဂလိပ်စာဘာသာရပ်ထူးချွန်ဆုရ ဒု-ရဲအုပ်လောင်းနန္ဒာအောင်တို့ကို ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်မှ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
