သီပေါ၊ သြဂုတ်-၅
ရှမ်းပြည်နယ်၊ သီပေါမြို့တွင် ဒုဌဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနိမ့်ပိုင်းရှိ လူနေအိမ်များဘက်သို့ ရေစတင်ကျော်ဝင်လာသဖြင့် တာရိုးကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက အရေးပေါ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့ ဩဂုတ် ၅ ရက် နံနက် ၁၁ နာရီခန့်က သီပေါမြို့၊ ဈေးရပ်ကွက်၊ နယ်မြေ (၁)အတွင်း ဒုဌဝတီမြစ်ရေမြင့်တက်လာရာမှ မြစ်ကမ်းဘေးအနိမ့်ပိုင်းရှိ လူနေ အိမ်များဘက်သို့ ရေအနည်းငယ်ကျော်ဝင်လာကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် သီပေါမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ ရေကျော်ဝင်နေသည့် တာရိုးပေါ်တွင် အတားအဆီးများ တပ်ဆင်ခြင်းနှင့် သဲအိတ်များ စီတန်းကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဒေသခံများ၏ နေအိမ်များနှင့် ပစ္စည်းဥစ္စာများ ထိခိုက်ပျ-က်စီးမှု လျော့နည်းစေရန်အတွက် ရေဘေးကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်းလည်း ဒေသခံများထံက သိရသည်။
