ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုန် မကြာခင်အကောင်အထည်ဖော်မည်ဖြစ်၍ ထားဝယ်သူ/ထားဝယ်သားများအလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာမည်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက ဧပြီ ၂၄ ရက်တွင် မဲဆန္ဒရှင်များနှင့်တွေ့ဆုံချိန်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုန်ကို မကြာခင်အကောင်အထည်ဖော်မည်ဖြစ်ရာ ထားဝယ်သူ/ထားဝယ်သားများအနေဖြင့် အထူးစီးပွားရေးဇုန်တွင်စက်ရုံ၊ အလုပ်ရုံများပေါ်ထွန်းလာမည်ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာမည်ဟု ပြောသည်။
ထို့ပြင် တိုင်းအစိုးရအဖွဲ့အနေဖြင့် တနင်္သာရီတိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှလုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ပြည်သူကိုဗဟိုပြုသောအဖွဲ့ဖြစ်၍ ပြည်သူ့အသံကိုနားထောင်ကာ ပြည်သူများ၏ လိုအပ်ချက်များကိုဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။
“တိုင်းအစိုးရအဖွဲ့ကဦးဆောင်ပြီးလုပ်ကိုင်ဆောင်ရွက်နေပေမယ့် ထားဝယ်သူ/သားတွေကလည်း ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်လာမှာပါ။ တည်ငြိမ်အေးချမ်းရေးကအရေးကြီးတာကြောင့် ဒေသတည်ငြိမ်အေးချမ်းမယ်ဆိုရင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဦးဆောင်ပြီးလုပ်ကိုင်ဆောင်ရွက်ပေးသွားပါမယ်”ဟု တိုင်းဝန်ကြီးချုပ်က ပြောသည်။
ထို့ပြင် တိုင်းအစိုးရအဖွဲ့တာဝန်ယူစဉ်အတွင်း အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ ထားဝယ်ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဟုလည်း တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
