တောင်အာဖရိကနိုင်ငံရှိ မြို့ကြီးများအနှံ့တွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံမှ ထွက်ခွာစေရေး တောင်းဆိုသည့် ရွှေ့ပြောင်းအခြေချဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဇူလိုင် ၁ ရက်က ပြုလုပ်ခဲ့ကြရာ အချို့နေရာများတွင် အကြမ်းဖက်မှုများနှင့် လုယက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆန္ဒပြသူများသည် နိုင်ငံတော်အလံများနှင့် သစ်သားတုတ်များ ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများအား နိုင်ငံမှ ထွက်ခွာစေရေးကို နောက်ဆုံးသတ်မှတ်ရက်အဖြစ် သတ်မှတ်တောင်းဆိုခဲ့ကြသည်။
လများစွာကြာမြင့်ခဲ့သည့် အဆိုပါမငြိမ်သက်မှုများကြောင့် အာဖရိကနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာသည် သတ်မှတ်ရက်မတိုင်မီ တောင်အာဖရိကမှ ထွက်ခွာခဲ့ကြပြီး ဈေးဆိုင်အများအပြား ပိတ်ထားခဲ့သလို နိုင်ငံခြားသားအလုပ်သမားများမှာလည်း လုံခြုံရေးစိုးရိမ်မှုကြောင့် နေအိမ်များအတွင်းသာ နေထိုင်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဉ်များအတွင်း လူလေးဦးထက်မနည်း သေဆုံးခဲ့ပြီး နိုင်ငံခြားသားထောင်ပေါင်းများစွာ နေအိမ်များမှ ဖယ်ရှားခံခဲ့ရကာ စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများလည်း ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
ရွှေ့ပြောင်းအခြေချဆန့်ကျင်ရေး လှုပ်ရှားမှုခေါင်းဆောင်များက ၎င်းတို့၏ တောင်းဆိုချက်များ မပြည့်မီမချင်း အပတ်စဉ် ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
March and March အဖွဲ့ခေါင်းဆောင် ဂျာစင်တာ အင်န်ဂိုဘီးစ်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ခြောက်လအတွင်း နိုင်ငံမှ နှင်ထုတ်နိုင်ရန် နိုင်ငံတော်၏ အရင်းအမြစ်များကို အသုံးပြုဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
ဆန္ဒပြသူတစ်ဦးကလည်း ပြည်တွင်းအလုပ်လက်မဲ့ ပြဿနာများကြားတွင် တရားမဝင်နိုင်ငံခြားသားများ အလုပ်အကိုင်ရရှိနေခြင်းသည် မမျှတကြောင်း ပြောကြားခဲ့သည်။
ယခုဆန္ဒပြမှုများသည် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ဒေသန္တရရွေးကောက်ပွဲမတိုင်မီ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နိုင်ငံရေးသမားအချို့သည် မဲဆွယ်နိုင်ရေးအတွက် နိုင်ငံခြားသားဆန့်ကျင်ရေး စိတ်ဓာတ်များကို အားပေးနေသည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
Ref: SITE Magazine