တရုတ်နိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ စက်တင်ဘာ ၂၂ ရက်ညနေပိုင်းက ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ကျင်းပရာ ဒုတိယ သမ္မတဒေါ်နန်းနီနီအေး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒုတိယသမ္မတနှင့် တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် မြန်မာ-တရုတ်ချစ်ကြည်ရေးအထိမ်းအမှတ်ပြခန်းများကိုကြည့်ရှုပြီး အခမ်းအနားကို မြန်မာနိုင်ငံတော်သီချင်း၊ တရုတ်နိုင်ငံတော်သီချင်းတို့ဖြင့်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံကြား”ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး လိုအပ်ချိန်တိုင်းတွင် အပြန်အလှန်ကူညီပံ့ပိုးရပ်တည်ပေးနေသည့် နိုင်ငံများဖြစ်ကာ ကဏ္ဍအသီးသီးတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေပြီး အပြန်အလှန်နားလည်မှုကို မြှင့်တင်ပေးနိုင်ခဲ့သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံကြား မဟာဗျူဟာကျသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်တွင်ရှိသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ခဲ့ကာ လာမည့်ကာလများတွင် နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် ပညာရေးတို့တွင် ပြည်သူအချင်းချင်း ချိတ်ဆက်မှုများကိုလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန်တိုက်တွန်းလိုသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် ဆက်လက်ပံ့ပိုးကူညီပေးနေမှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာစင်မြင့်များတွင် အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် မြန်မာ နိုင်ငံဘက်မှ အပြုသဘောထောက်ခံကူညီပေးနေမှုများအတွက်လည်းများစွာတန်ဖိုးထားသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးတို့က နှစ်ပတ်လည်အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ်ပေးခဲ့ကြပြီး ဂုဏ်ပြုညစာသုံး ဆောင်ခဲ့ကြကြောင်း သိရသည်။
