မြန်မာနိုင်ငံ၏ (၁၇) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် APJG က အဆင့်တိုးမြှင့်သတ်မှတ်
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၉ ရက်၊ နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက မြန်မာနိုင်ငံ၏ (၁၇) ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် APJG မှ ပြန်လည်ပေးပို့ခဲ့သည့် Final Factual Check အရ Action Item 6.2၊ 7.2 နှင့် 8.1 တို့ကို “Partly Addressed” အဆင့်မှ “Largely Addressed” အဆင့်သို့ ကနဦးတိုးမြှင့်သတ်မှတ်ပေးထားကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ယင်းတိုးတက်မှုများသည် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုများကြောင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားကာ သက်ဆိုင်ရာဌာနများအား ချီးကျူးဂုဏ်ပြုခဲ့သည်။
ဆက်လက်၍ လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက Mutual Evaluation (ME) လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည့် အချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းအဖွဲ့အတွင်းရေးမှူးဖြစ်သည့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် ဇော်လင်းထွန်းက မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိသည့် Action Item နှစ်ခုနှင့် Mutual Evaluation (ME) လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
