နေပြည်တော်၊ စက်တင်ဘာ ၂၂
ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်အနေဖြင့် ဥပဒေပိုင်းဆိုင်ရာများကို စိစစ်သုံးသပ်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Mr. Hiromichi Watanabe နှင့် တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်တိုးမြှင့်ရေးကို လွှတ်တော်ကဏ္ဍမှ စတင်ဆောင်ရွက်နိုင်ကြောင်းနှင့် ပြည်သူ့လွှတ်တော်တွင် မြန်မာ-ဂျပန် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သဖြင့် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဦးခင်ရီက ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူ့လွှတ်တော်ရှိ ကော်မတီများအပြင် အမျိုးသမီး၊ လူငယ်နှင့် နည်းပညာကဏ္ဍများတွင်လည်း ဂျပန်အောက်လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နိုင်ရေးအတွက်လည်း ပြည်သူ့လွှတ်တော်အနေဖြင့် လိုအပ်သည့် ဥပဒေပိုင်းဆိုင်ရာများကို စိစစ်သုံးသပ်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် စိုက်ပျိုးရေးနှင့် နည်းပညာကဏ္ဍတို့တွင် အဆင့်မြင့်နည်းပညာများရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် နည်းပညာကဏ္ဍများတွင်လည်း နှစ်နိုင်ငံအကြား ညှိနှိုင်းဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အတူ Mr. Hiromichi Watanabe သည် မြန်မာနိုင်ငံနှင့် နှစ်ပေါင်းများစွာ လက်တွဲဆောင်ရွက်ခဲ့သည့် မိတ်ဆွေတစ်ဦးဖြစ်၍ မြန်မာနိုင်ငံ၏ အခြေအနေများကို ပိုမိုသိရှိနားလည်မည်ဟု ယုံကြည်ကြောင်း ဦးခင်ရီက ပြောကြားခဲ့သည်။
ယခု ဂျပန်အောက်လွှတ်တော်အမတ်၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် ပထမဆုံးခြေလှမ်းတစ်ရပ်ဖြစ်လာမည်ဟု ယုံကြည်ကြောင်းလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
