ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပြည်ထောင်စုလမ်းမကြီးတလျှောက် ဆိုလာစနစ်သုံး လမ်းမီးတိုင် (၅၀၀) တပ်ဆင်ခြင်းလုပ်ငန်းကို အထူးဒေသ (၁) ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးကော်မတီမှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသ ည်။
ယခင်က ကွတ်ခိုင်မြို့ပေါ်ရှိ အဓိကလမ်းမကြီး အချို့တွင်သာ မီးထွန်းညှိနိုင်ခဲ့ပြီး ရပ်ကွက်အများစု၌ ညပိုင်းအချိန်များတွင် မှောင်နေသည့်အတွက် ညပိုင်းအချိန်များ လုံခြုံဘေးကင်းစေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လိုအပ်သော ဆိုလာမီးတိုင်များအားလုံး မြို့တွင်းသို့ ရောက်ရှိနေပြီဖြစ်ကာ မြို့ကိုဖြတ်သန်းသွားသော ပြည်ထောင်စုလမ်းမကြီး၏ ဝဲယာတလျှောက်တွင် ဦးစားပေး တပ်ဆင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပျ-က်စီးနေသော မီးလုံးဟောင်းများကို အသစ်လဲလှယ်ပေးခြင်း၊ ပြည်ထောင်စုလမ်းမကြီးကို ဗဟိုပြု၍ ဘေးပတ်ဝန်းကျင်ရှိ ရပ်ကွက်များသို့ပါ ဆက်လက်တိုးချဲ့ခြင်း၊ ကွတ်ခိုင်-တာမိုးညဲ လမ်းမကြီးတလျှောက် မီးလင်းရေးအတွက်လည်း စီမံကိန်းအတွင်း ထည့်သွင်းဆောင်ရွက်လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ စီမံကိန်းသည် လမ်းများမီးလင်းစေရုံသာမက ညဘ က်စီးပွားရှာသူများနှင့် ခရီးသွားပြည်သူများအတွက်ပါ လုံခြုံမှု အပြည့်အဝရရှိစေမည်ဖြစ်သည်ဟု အထူးဒေသ (၁) ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးကော်မတီက အသိပေးချက်အရ သိရသည်။