မြန်မာ-တရုတ်ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီမှ စီစဉ်သည့် “ကျောင်း၀င်းအတွင်း လျှပ်စစ်မီးသုံးစွဲမှု ဘေးအန္တရာယ်ကင်းရှင်းရေး” အသိပညာပေး ဟောပြောပွဲတစ်ခုကို မန္တလေးမြို့ ၃၂ လမ်း၊ ၆၄ နှင့် ၆၅ ကြားရှိ အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ကျောင်းသားလူငယ်များအနေဖြင့် လျှပ်စစ်ဓာတ်ကို ပေါ့ဆစွာ မသုံးစွဲရေး၊ လျှပ်စစ်ဓာတ်ကြောင့် ဖြစ်ပွားနိုင်သည့် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရေးတို့နှင့် အကယ်၍ ဖြစ်ပွားလာပါက အရေးပေါ်ဆောင်ရွက်ရမည်တို့ကို ရှင်းလင်းလွယ်ကူစွာ သဘောပေါက်နားလည်စေရန် သရုပ်ဖော်ပုံများနှင့်တကွ မြန်မာ-တရုတ်ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီက အသိပညာပေး ဟောပြောခဲ့ခြင်းဖြစ်သည်။
အသိပညာပေးဟောပြောပွဲတွင် အရှေ့တောင်အာရှ ရေနံ/သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ ဒုတိယ မန်နေဂျင်းဒါရို-က်တာ မစ္စတာ ကျောက်ဟွာထောင်က အမှာစကားပြောကြားရာ၌ “ကျွန်တော်တို့ ဒီနေ့ ဒီဟောပြောပွဲကို လာလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသား/ကျောင်းသူတွေ လျှပ်စစ်မီးကို ဘေးကင်းအောင် ဘယ်လိုသုံးရမလဲဆိုတာ သိစေချင်လို့ပါ။ ဒါမှသာ ကိုယ့်ကိုယ်ကိုယ်ရော၊ ကျောင်းနဲ့ မိသားစုကိုပါ ဘေးကင်းအောင် စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသား/ကျောင်းသူတွေရဲ့ နေ့စဉ်ဘဝနဲ့ ပတ်ဝန်းကျင်မှာ တကယ်အသုံးဝင်မယ့် လျှပ်စစ်မီးသုံးစွဲမှု ဘေးကင်းရေး ဗဟုသုတတွေကို သာဓကလေးတွေနဲ့ နားလည်လွယ်အောင် ပြောပြပေးသွားမှာပါ။ ဒါကြောင့် ကျောင်းသား/ကျောင်းသူတွေအနေနဲ့ လျှပ်စစ်မီးသုံးစွဲမှု ဘေးကင်းအောင် ဘယ်လိုနေရမလဲဆိုတာကို တကယ် သိရှိနားလည်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဟောပြောပွဲသို့ အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်း၏ ကျောင်းကော်မတီဥက္ကဌ ဦးရန်အောင်၊ ကျောင်းပေါင်းကျောင်းအုပ်ကြီး ဦးခင်မောင်စောနှင့် ကျောင်းကော်မတီအဖွဲ့ဝင်များ၊ အရှေ့တောင်အာရှ ရေနံ/သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ ဒုတိယ မန်နေဂျင်းဒါရို-က်တာ မစ္စတာ ကျောက်ဟွာထောင်နှင့် အခြား တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
