နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာအထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သ ဘောတူညီပြီးဖြစ်သော H.E. Mr. Margulan Baimukhan က ယနေ့ ဇူလိုင် ၂၂ ရက်နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတဧည့်ဆောင်တော်၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့သည်။
ထိုသို့ ပေးအပ်ပြီးနောက် ကာဇက်စတန်နိုင်ငံသံအမတ်ကြီးက မကြာမှီ ကာဇက်စတန်နိုင်ငံတွင် ပါလီမန်ရွေး ကောက်ပွဲကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများကိုလာရောက်လေ့လာနိုင်ရေးဖိတ်ကြားသွားမည်ဖြစ်ကာ ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်သွားမည်ဟု နိုင်ငံတော်သမ္မတအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရအဖွဲ့မှ နိုင်ငံတော်တာဝန်ထမ်းဆောင်နေမှုကို ကာဇက်စတန်နိုင်ငံအနေဖြင့်ဝမ်းမြောက်ဂုဏ်ယူလျက်ရှိသည်ဟုလည်း ဆွေး နွေးပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ကာဇက်စတန်နိုင်ငံသံအမတ်ကြီးတို့က နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ စီးပွား ရေး၊ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ထုတ်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ပို့ဆောင်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်၊ ကာဇက်စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံကိုဖြတ်သန်း၍ မြန်မာနိုင်ငံမှတစ်ဆင့် တောင်အာရှနိုင်ငံများနှင့် အာဆီယံနိုင်ငံများကြား စီးပွားရေးကူးလူးဆက်ဆံမှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ သံတမန်ဆက်ဆံမှုများ ယခုထက်ပိုမိုမြှင့်တင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန်နိုင်ငံသံအမတ်ကြီးက နိုင်ငံတော်သမ္မတ ဧည့်ခန်းမဆောင်တော်ရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့သည်။