ထိုင်းနိုင်ငံက ကမ္ဘာကျော် အဆိုတော် လီဆာသည် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေခွင့်ရရှိသည့် ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့သည်။
ဇွန်လ (၁၂) ရက်နေ့က အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့ရှိ SoFi Stadium တွင် ကျင်းပသည့် ဖွင့်ပွဲအခမ်းအနား၌ လီဆာက “Goals” သီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကာ အဆိုပါ ကမ္ဘာ့ဖလား ဂုဏ်ပြုသီချင်းတွင် ဘရာဇီးအဆိုတော် အနစ်တာနှင့် နိုက်ဂျီးရီးယားအဆိုတော် ရမ်မာတို့လည်း အတူပူးပေါင်း သီဆိုဖျော်ဖြေခဲ့ကြသည်။
အသက် (၂၉) နှစ်အရွယ် လီဆာသည် K-Pop အမျိုးသမီးအဖွဲ့ Blackpink ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ကမ္ဘာတစ်ဝန်း ကျော်ကြားလာခဲ့သူဖြစ်ပြီး ယခုဖျော်ဖြေမှုကြောင့် အရှေ့တောင်အာရှ ဂီတလောကအတွက် ဂုဏ်ယူဖွယ် မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့သည်။
“Goals” သီချင်းမှာ အာဖရိကန်၊ လက်တင် Pop နှင့် K-Pop ဂီတစတိုင်များကို ပေါင်းစပ်ဖန်တီးထားသည့် သီချင်းဖြစ်ပြီး လီဆာ၏ စွမ်းအင်ပြည့်ဝသော စင်မြင့်ဖျော်ဖြေမှုက ပရိသတ်များထံမှ ချီးကျူးမှုများစွာ ရရှိခဲ့သည်။
ထို့ပြင် ဖျော်ဖြေမှုဗီဒီယိုသည် ပထမဆုံး (၁၂) နာရီအတွင်း ကြည့်ရှုသူ သန်း (၅၀) ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။
ယခင် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဖွင့်ပွဲတွင် BTS အဖွဲ့ဝင် ဂျန်ဂွတ်ခ်က “Dreamers” သီချင်းဖြင့် ဖျော်ဖြေခဲ့ဖူးပြီး အာရှတိုက်မှ အဓိကဖွင့်ပွဲစင်မြင့်ပေါ် တက်ရောက်ဖျော်ဖြေသည့် ပထမဆုံး အနုပညာရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
