မျက်နှာတိုင်းသည် လူသား များအတွက် တန်ဖိုးရှိနေသည်။ လူသားများသည် ကမ္ဘာကြီးအတွက် အကျိုးပြုနေလိမ့်မည်။ အနုပညာရပ် အားလုံးသည် ပြည်သူကို အကျိုးပြု နေသည်။ နှလုံးသားများဖြင့် ပေးဆပ်ကြသည်။ အနုပညာရှင် များသည် ပေးဆပ်မှု အားလုံးအတွက် တန်ဖိုးကြီးသော ဂုဏ်သိက္ခာမြင့်မား စေသောဆုလာဘ်ကို ရယူချင်ကြ သည်။
ထိုအရာကား အကယ်ဒမီ ထူးချွန်ဆု ဖြစ်ပေသည်။ ၂ဝ၁၆ခုနှစ် အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ပွဲသည် ရက်ပိုင်းမျှသာ လိုတော့သည်။ ရင်ခုန်သူများ ရှိသလို၊ တချို့က မေ့လျော့ထားကြသည်။ အဘယ်နည်း ဆိုလျှင် ရင်ထဲကနေ အဖုအကြိတ် များက ရေကြည်နောက် သလို ဖြစ်နေသည်။
အမှားတိုင်းကို ပြင်လာခဲ့သည် ဆိုသော်ငြား ဒီနှစ် အမှားနည်းမည် ဟု ထင်မြင်မိသည်။ အကယ်ဒမီဆု ရွေးချယ်ရေး နောက်ဆုံးအဆင့် တာဝန်ခံ ၅ဦးကို လျှို့ဝှက်ထားသော်လည်း ဖေ့စ်ဘုတ် စာမျက်နှာ ပေါ်တွင် အတိအလင်း ထွက်ရှိလာခဲ့သဖြင့် ဖုန်းဖိထား၍ မရတော့ပေ။
ရုပ်ရှင်မှ ဦးနှင်းမိုး၊ ဒေါ်ဝါဝါ ဝင်းရွှေ၊ ဂီတမှ ဦးမောင်မောင်လတ်၊ စာပေမှ စာရေးဆရာ လယ်တွင်းသား စောချစ်၊ ဆရာ ဦးဝင်းငြိမ်း။ ဖော်ပြပါ ပုဂ္ဂိုလ်ကြီး ၅ဦးသည် လေးစားခံရ သူများဖြစ်သည်။ လူကြီး အရာယူထားကြသည်။ စွယ်စုံပညာရှင် တစ်ဦးတော့ ပါဝင်သင့်သည်ဟု ထင်ပါသည်။
ယခုနှစ် အကယ်ဒမီ ထူးချွန်ဆု အတွက်ရွေးချယ်မှုကို တာဝန်ယူ ထားသည်ဟု ရိုးသားစွာ နားလည်ပါသည်။ ရင်ဖွင့် တုံ့ပြန်မှုရှိလာသည့် အခါ ထိုဆရာကြီး၅ဦး၏ နှလုံးသား တံခါးကိုပဲ ခေါက်ကြည့်ပါ။ ထို၅ ဦးထဲမှ တာဝန်အယူဆုံး ဘယ်သူ ဆိုတာလဲ မသိရှိပါ။
ရုပ်ရှင် အတတ်ပညာသည် အလွန်ခက်ခဲ၊ နက်နဲပါ၏။ Digital နည်းပညာက ပို၍ လေးနက်ပါသည်။ ယခုတိုင် အသံဖမ်းသူ ကို ပေးနေ သော အသံပညာရှင်ဆုဟု ဆိုလျှင် ယခု Digital ခေတ်နှင့် အလွန်လွဲ နေသည်။ Tape Recorder နှင့် အသံဖမ်းခဲ့ ရသော ခေတ် က အသံဆု ဆိုသည်မှာ မှန်ခဲ့သော်လည်း ယခု Digital ခေတ်တွင် Sound mixing ဆုသာ ရှိသင့်ပေသည်။
ဆုရွေးချယ် ပေးသော ဆရာကြီး ၅ဦးတွင် ကြီးမားသည့် ဂုဏ်သိက္ခာ ရှိသလို၊ အနုပညာရှင် များမှာလည်း သိက္ခာနှင့် လက်ခံစေချင်သည်။ အမှားအမှန်သည် ဆုံးဖြတ်သူ၏ ဂုဏ်သိက္ခာဖြစ်သည့် အတွက် ကျွန်တော်တို့ မုဒိတာပွားရမည် ဖြစ်သည်။
ယခုနှစ် ဆန်ခါတင်ဇာတ်ကား ၁ဝကားကို အားလုံး သိရှိပြီး ဖြစ်သည်။ ယခု တစ်ပတ်အတွက် ကျွန်တော့်အတွေး၊ ကျွန်တော့် အထင်မြင်အရ ကြိုတင်ခန့် မှန်းဖို့ ဇာတ်ကား တစ်ကားကို ရွေးချယ်မည်။ ထိုဇာတ်ကားမှာ “အုတ်ကြားမြက်ပေါက်” ဖြစ်သည်။
ရွှေစင်ဦး ရုပ်ရှင် ထုတ်လုပ်ရေး အတွက်၊ ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် ရိုက်ကူးသော “အုတ်ကြားမြက်ပေါက်” ဇာတ်ကားမှာ စာရေးဆရာ မောင်ရွှေစွန်၏ ဝတ္ထုဖြစ်ပြီး ဇာတ်ညွှန်းမှာ ဆဲဗင်းဒေးဖြစ်သည်။ ဇာတ်ကားပေ အရှည်မှာ ၁၂ဝ၇၈ပေဖြစ်သည်။
သရုပ်ဆောင်များမှာ နေတိုး၊ ထွန်းထွန်း၊ နေမင်း၊ သက်မွန်မြင့်၊ ဇင်ဝိုင်း၊ စိုးမြတ်သူဇာ၊ ဘုန်းသျှန်၊ ကြက်ဖ၊ ရသ၊ ထူးမွန်၊ စန္ဒီမြင့်လွင်၊ မြတ်ကေသီအောင်၊ ဒေါ်နွဲ့နွဲ့စန်း၊ စိုးမိုးကြည်တို့ ပါဝင်ကြပြီး ဓာတ်ပုံပညာရှင်မှာ ဇော်မြင့်၊ အသံကိုအေး၊ တည်းဖြတ် ငြိမ်းချမ်း၊ တေးဂီတ Studio Image တို့ ဖြစ်သည်။
ဇာတ်လမ်းဖော်ကျူးရာတွင် “အုတ်ကြားမြက် ပေါက်” ဆိုသည့်အတိုင်း ပတ်ဝန်းကျင် အထင်သေးခံရ သော လူငယ် တစ်စု၏ ကြိုးပန်း အားထုတ် မှုပင်ဖြစ် သည်။ လူငယ်ပညာပေး ဇာတ်လမ်း တစ်ပုဒ် ဖြစ်သည်။ “အုတ်ကြားမြက်ပေါက်” ရုပ်ရှင် ဇာတ်ကား အတွက် အကယ်ဒမီ ကြိုတင် ခန့်မှန်းရပါမူ…
၁။ အဓိက အမျိုးသား ဇာတ်ဆောင် – ထွန်းထွန်း
၂။ ဇာတ်ညွှန်း – ဆဲဗင်းဒေး
၃။ ဒါရိုက်တာ – ညွှန့်မြန်မာညီညီအောင်
၎။ အမျိးသမီးဇာတ်ပို့- ထူးမွန်
ဖော်ပြပါဆု ၄ဆုကိုသာ ကြိုတင် ခန့်မှန်းပါသည်။ ဒါကျွန်တော့် အတွေး၊ ကျွန်တော့် အမြင်ဖြစ်ပါသည်။ ပရိသတ်နှင့် လည်း တစ်ထပ်တည်း ကျချင်ပါသည်။ ကျွန်တော် ၏ ၂ဝ၁၆ ခုနှစ်အကယ်ဒမီ ဆန်ခါတင် ဇာတ်ကား၁ဝကား ကြိုတင်ခန့်မှန်းမှု ဤတွင် အဆုံးသတ် ပါမည်။
Hollywood အကယ်ဒမီ oscar လည်း ချီးမြှင့်ခဲ့ပြီဖြစ်သည်။ ထို့အတူ Bollywood အကယ်ဒမီပွဲ သည်လည်း ချီးမြှင့်ပြီး ဖြစ်ပါသည်။ ယခု ကျွန်တော်တို့ မြန်မာရုပ်ရှင် အကယ်ဒမီ ပေးပွဲကြီးလည်း ကျင်းပရန် ရက်ပိုင်းမျှသာ လိုပါ သည်။ အာရုံစိုက်သူလည်း များပြားလာ သည်။ ပရိသတ်ကလည်း သူ့အထင်၊ သူ့ အမြင်ကို ပြောကြ၊ တင်နေကြပြီ ဖြစ်သည်။
သည်နှစ် အကယ်ဒမီအမြင် တချို့လွဲပြီး၊ အထင်အမြင် တချို့ မှန်နိုင် သည်။ အကယ်ဒမီသည် အိပ်မက် မဟုတ်ပါ။ ကြိုးစား အားထုတ် မှုများကို အသိ အမှတ်ပြုပေးသော ဂုဏ်သိက္ခာ ပွဲဖြစ်သည်။ ယခုနှစ်သည် မနှစ်ကလို မဖြစ် တန်ရာ၊ disaffection မကျေနပ်သော၊ စိတ်ပျက်စေသော အရာများ မဖြစ် စေနိုင်ပါ။ တရားမျှမှုကို ပေးနိုင်မည်ဟု ထင်ပါသည်။ အကယ်ဒမီ အိတ်ဖွင့်၊ ဆုံးဖြတ်ပေးမည့် စိတ် သဘောထား များ မှန်ကန်တိကျဖို့ပဲ လိုပါသည်။ အရာ အားလုံးဖြူစင် ဝင်းပစေချင်သည်။
ဒါရိုက်တာ မောင်ဗေဒါ