နေပြည်တော်၊ စက်တင်ဘာ ၃
မန္တလေးငလျင် လှုပ်ခတ်မှုကြောင့် ပျ-က်စီးခဲ့သည့် ဒက္ခိဏသီရိမြို့နယ်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သင်တန်းကျောင်းနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) တို့ကို အကြီးစား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကျောင်း ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီးတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ဆေးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးက လာမည့်ဘဏ္ဍာနှစ်တွင် သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဝန်ထမ်းများ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် စည်းမျဉ်းစည်းကမ်းများ နားလည်စေရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ကျောက်မျက်ရတနာပြတိုက် အကြီးစား ပြုပြင်တည်ဆောက်နေမှု၊ မဏိရတနာကျောက်စိမ်းခန်းမ အဝင်ပိုင်း ပြင်ဆင်ထားရှိမှု၊ ကျောက်မျက်ရတနာပြပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ကျောက်စိမ်းဥယျာဉ် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကိုပါ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
